ရန်ကုန် ၁၉ ဇွန်
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ခရေပင်လမ်း၊ မင်္ဂလာဒုံဥယျာဉ်မြို့တော်၊ Royal Mingalardon Golf Club အနီးရှိ မြေ (၄)ဧကခွဲပေါ်တွင် ဇေကမ္ဘာကုမ္ပဏီလီမိတက်မှ တည်ဆောက်လျက်ရှိသည့် ဇေကမ္ဘာပြတိုက်တည်ဆောက်နေမှု လုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက ပြတိုက်တည် ဆောက်မှု လုပ်ငန်းများ၊ ရှေးဦး ဆင်(၅)မျိုး၏ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် ကမ္ဘာဦးသတ္တဝါများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများ ခင်းကျင်းဆောင်ရွက်နေမှု၊ မြန်မာ့မြေပေါ်တွင် ထွန်းကားခဲ့သည့် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ဆိုင်ရာ ယဉ်ကျေးမှုအထောက်အထားများ ခင်းကျင်းမှု၊ စုဆောင်းထိန်းသိမ်းထားသည့် ယဉ်ကျေးမှုအမွေအနှစ်နှင့် မြန်မာ့အနုလက်ရာပစ္စည်းများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ယခုကဲ့သို့ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများကို တန်ဖိုးထားမြတ်နိုးစွာ ထိန်းသိမ်းစုဆောင်းထားခြင်း အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ပြတိုက်ကြီးအမြန်ဆုံးပြီးစီးအောင် တည်ဆောက်သွားရန် နှင့် စုဆောင်းထိန်းသိမ်းပြသမည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို ဥပဒေနှင့်အညီ မှတ်ပုံတင် ခြင်းများ ဆောင်ရွက်ထားသည့်အတွက် ဆက်လက်၍လည်း မြန်မာ့ယဉ်ကျေးမှုအမွေ အနှစ်များ ပျောက်ဆုံးပျက်စီးမှုမရှိစေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားကာ ပြတိုက်ကြီး ဖွင့်လှစ်နိုင်ရေးနှင့် သမိုင်းကြောင်းမှန်ကန်စွာ ခင်းကျင်းပြသနိုင်ရေးအတွက် လိုအပ်သည်များကို ဝန်ကြီးဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဇေကမ္ဘာကုမ္ပဏီအနေဖြင့် ပြတိုက်ဖွင့်လှစ်ရန် စတင်စီစဉ်ခဲ့စဉ်ကတည်းက စုဆောင်း ထားသော ရှေးဟောင်းပစ္စည်းများ၊ ကျောက်ဖြစ်ရုပ်ကြွင်းများကို ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေနှင့်အညီ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသို့ မှတ်ပုံတင်ခွင့် လျှောက်ထားရယူစုဆောင်းလျက်ရှိပြီး မြန်မာနိုင်ငံပြတိုက်များ ဥပဒေပြဋ္ဌာန်း ပြီးပါက ဥပဒေနှင့်အညီ ဖွင့်လှစ်ခွင့်လျှောက်ထားပြီး ဖွင့်လှစ်သွားနိုင်ရန် စီစဉ်လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း သိရသည်။
သတင်းစဉ်


