မိုးကြိုးဘေးအန္တရာယ်နှင့် ပတ်သက်၍ မီဒီယာများမှတစ်ဆင့် အသိပေးနှိုးဆော်လျက်ရှိသည်။ သဘာဝဘေး အန္တရာယ်တစ်ခုဖြစ်သည့် မိုးကြိုးပစ်ခြင်းကြောင့် ယမန်နှစ်(၂၀၁၉ ခုနှစ်)အတွင်း လူ ၁၃၃ ဦး သေဆုံးခဲ့ပြီး ၅၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ယခုနှစ်တွင်လည်း ဇန်နဝါရီ ၁ ရက်မှ ဇွန် ၁၁ ရက်အထိ မိုးကြိုးပစ်မှုကြောင့် သေဆုံးသူ ၇၂ ဦး၊ ဒဏ်ရာရရှိသူ၂ ဦး ရှိနေပြီဖြစ်သည်။ မိုးကြိုးအန္တရာယ်သည် မိုးကြိုကာလနှင့် မိုးနှောင်းကာလများတွင် ပိုမိုဖြစ်ပွား တတ်သည့် သဘာဝရှိခြင်းကြောင့် ကျန်ရှိကာလများအတွင်း နောက်ထပ်မိုးကြိုး အန္တရာယ်များဖြစ်ပေါ်လာဦး မည်ဖြစ်ရာ မိုးကြိုး၏ သဘောသဘာဝကို သိရှိနားလည်ပြီး သတိပြုနေထိုင်တတ်ကြရန် လိုအပ်မည်ဖြစ်သည်။
မိုးကြိုးအများဆုံးပစ်တတ်သည့်ရာသီမှာ မိုးကြိုနှင့် မိုးနှောင်း ကာလများတွင်ဖြစ်သည်။ မိုးကြိုးအများဆုံး ပစ်တတ်သည့်အချိန်မှာ မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီအတွင်းဖြစ်သည်ဟု လေ့လာတွေ့ရှိချက်များအရ သိရသည်။ မိုးကြိုးဘေးအန္တရာယ်နှင့် အများဆုံးကြုံတွေ့နိုင်သူများမှာ လယ်ယာလုပ်ငန်းခွင်ဝင်နေသူများ၊ ကျွဲ နွားကျောင်းနေသူများ၊ မြစ်ချောင်းများ၌ ငါးဖမ်းနေသူများ၊ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများ ဖြစ်သည်။ မိုးကြိုးပစ်၍ သေဆုံးဒဏ်ရာရသည့် ဖြစ်စဉ်များတွင် မိုးထစ်ချုန်းလျှပ်စီးလက်နေစဉ် နေအိမ်အတွင်း ရေဒီယို နားထောင်နေသူ၊ လက်ကိုင်ဖုန်းဖြင့် စကားပြောနေသူ၊ လက်ကိုင်ဖုန်းဖြင့် အင်တာနက်သုံးစွဲနေသူများပင် ပါရှိနေရာ အန္တရာယ်ကျရောက်နိုင်သည့် အခြေအနေကို သတိပြုကြရမည် ဖြစ်သည်။
မိုးကြိုးပစ်ခြင်းဆိုသည်မှာ သဘာဝအလျောက် လျှပ်စစ်ကုန်ကူးခြင်း ဖြစ်သည်။ ရွေ့လျားနေသည့် မိုးတိမ်တိုက်များ အကြားတွင် လည်းကောင်း၊ မိုးတိမ်တိုက်နှင့် မြေလွှာကြားတွင် လည်းကောင်း၊ လျှပ်စစ်ဖိအားခြားနားရာမှ လျှပ်လက်ခြင်း၊ မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပေါ်သည်။ မိုးဥတုအခါတွင် ကောင်းကင်မှ မိုးတိမ်၏အောက်ခြေပိုင်းတွင် စုဝေးနေသည့် လျှပ်စစ်အမဓာတ်များနှင့် မြေပင်ပေါ်ရှိ လျှပ်စစ်အဖိုဓာတ်တို့ ရွေ့လျားဆွဲငင်ကြရင်း မြေပြင်ရှိလျှပ်စစ် ဓာတ်ဖိုတို့က မြင့်သောနေရာများဖြစ်သည့် မျှော်စင်၊ ဓာတ်တိုင်၊ သစ်ပင်၊ အလံတိုင်၊ အဆောက်အအုံ၊ တာဝါတိုင် စသည်တို့၏ ထိပ်ဖျားပေါ်သို့ တက်ရောက်လာကာ လျှပ်စစ်ဓာတ်ဖိုနှင့် လျှပ်စစ်ဓာတ်မတို့ နီးကပ်စွာ စုဝေးမိကြပြီး ခုန်ကူးပေါင်းစပ်ရာမှ မိုးကြိုးပစ်ခြင်းဖြစ်စဉ် ပေါ်ပေါက်လာသည်။
သို့ဖြစ်ခြင်းကြောင့် မိုးထစ်ချုန်းခြင်း၊ လျှပ်စီးလက်ခြင်းတို့ ဖြစ်ပေါ်လာချိန်တွင် လယ်ကွင်း၊ ယာကွင်း၊ မြစ်ချောင်း၊ ငါးမွေးကန် စသည့် မျက်နှာပြင်ကျယ်ပြန့်သည့် နေရာများတွင် ရောက်ရှိနေပါက လုံခြုံသည့်နေရာ အမိုးအကာ အောက်တွင် ခိုလှုံရန်လိုသည်။ သို့ရာတွင် လွင်တီးခေါင်တွင် ထီးထီးကြီးတည်ရှိနေသည့် လယ်တဲ၊ သစ်ပင် စသည်တို့မှာလည်း မိုးကြိုးအန္တရာယ်ရှိသည့် နေရာများပင် ဖြစ်သည်ကိုလည်း သတိမူကြရမည်ဖြစ်သည်။ အကောင်းဆုံးမှာ မိုးထစ်ချုန်းသံနှင့် လျှပ်လက်သည်တို့ကို မြင်ရကြားရသည်နှင့် မိမိရှိရာဆီသို့ ရောက်မလာမီ လုပ်လက်စတို့ကို ခေတ္တရုပ်သိမ်း၍ လုံခြုံဘေးကင်းရာနေရာဆီ သွားရောက်နေထိုင်ခြင်းက ဘေးအကင်းဆုံးပင် ဖြစ်သည်။ မိုးထစ်ချုန်းနေစဉ် အိမ်အပြင်၌နေခြင်း၊ ခြံဝင်းထဲ၌ အလုပ်လုပ်နေခြင်း၊ ရေချိုးအဝတ်လျှော်နေခြင်းတို့က ဘေးမကင်းသကဲ့သို့ပင် အိမ်ထဲတွင်နေကာ ရေဒီယိုနားထောင်၊ တီဗွီကြည့်နေခြင်း၊ လက်ကိုင်ဖုန်း သုံးစွဲနေခြင်း တို့ကလည်း အန္တရာယ်ရှိသည်။ ထို့အပြင် တံခါးပေါက်၊ ပြတင်းပေါက်များအနီး နေခြင်း၊ လျှပ်စစ်ကိရိယာများ ကိုင်တွယ်သုံးစွဲခြင်း၊ လျှပ်ကူးပစ္စည်းများဖြစ်သည့် သံထည် သတ္တုထည်များ ကိုင်တွယ်ခြင်း၊ ရေသုံးစွဲခြင်းတို့ကလည်း လျှပ်စီးကြောင်းစီးဝင်မှုဖြစ်စေပြီး အန္တရာယ်ရှိသည်သာ ဖြစ်သည်။ နေအိမ်များ မိုးကြိုးကာကွယ်ရေးအတွက် မိုးကြိုးလွှဲများ စနစ်တကျတပ်ဆင်ပြီး လိုအပ်သည့်နေရာများတွင် လျှပ်ကာပစ္စည်းများ ကာကွယ်ထားရှိခြင်းဖြင့် မိုးကြိုးအန္တရာယ်ကျရောက်မှုမှ ရှောင်ရှားနိုင်ကြမည် ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုများနှင့်အတူ မိုးလေဝသဖြစ်စဉ်များက ပိုမို၍ပြင်းထန် ကြမ်းတမ်းလာနေသည်။ သဘာဝဘေး အန္တရာယ်တို့ ပိုမိုကြီးမားလာသည်နှင့်အမျှ အသက်ကိုဉာဏ်စောင့်ဖို့လည်း လိုလာသည်။ သဘာဝဘေးကာကွယ်ရေး အတွက် နှိုးဆော်ချက်များကို လေ့လာမှတ်သားကာ အန္တရာယ်ဘေးမှ ရှောင်ရှားနိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း