mdn


 

မုံရွာ  ၂၀  ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်(၃)ခုနှင့်မြို့နယ်ခွဲ (၄)ခု ဟုမ္မလင်း၊ခန္တီးမြို့နယ်များသို့  စိုက်ပျိုးရေး လုပ်ငန်းသုံး ထောင်ချောက်များနှင့် ပိုးသတ်ဆေးဖြန်းရာတွင် အသုံးပြုနိုင်ရေး PPE ဝတ်စုံများ ထောက်ပံ့ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

 

နာဂဒေသအတွင်း ဖောငမြှောင်တောင်ပိုး ကာကွယ်နှိမ်နှင်းရေးလုပ်းငန်းများကို လုပ်ဆောင်လျက်ရှိရာ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်ရန်နှင့် ပိုးသတ်ဆေးဖြန်းသူများကို ပိုးသတ်ဆေး အန္တရာယ် ကင်းရှင်းစွာဖြင့် လုပ်ဆောင်နိုင်ရန် PPE ဝတ်စုံများကို ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

 

“ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းဖို့ဆိုရင် ပိုးမွှားရောဂါကာကွယ်ရေးကို ဘယ်စုံနည်းနဲ့ ကာကွယ် နှိမ်နှင်းဖို့လိုအပ်ပါတယ်၊ နာဂဒေသမှာ ဖောငမြှောင်တောင်ပိုးကျရောက်မှုကို ထိရောက်စွာ ကာကွယ် နှိမ်နင်းနိုင်ဖို့ စောင့်ကြည့်စစ်ဆေးတဲ့ ထောင်ချောက်တွေ၊ ပိုးသတ်ဆေးတွေကို အန္တရာယ်ကင်းရှင်းစွာနဲ့ ကိုင်တွယ် သုံးစွဲတတ်ဖို့အသိပညာပေးရင်းနဲ့ ပိုးသတ်ဆေးပက်ဖျန်းချိန်မှာ အသုံးပြုနိုင်ဖို့ကို PPE ဝတ်စုံ တွေကို ထုတ်ပေးတာဖြစ်ပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးသီးနှံ ကာကွယ်ရေး တာဝန်ခံ ဒေါ်စန်းစန်းမြင့်က ပြောသည်။

 

အခမ်းအနားတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီး၊လဟယ်နှင့်နန်းယွန်း မြို့နယ်များနှင့် ပန်ဆောင်၊ဒုံဟီး၊မိုပိုင်းလွတ်၊ထန်ပါခွေမြို့နယ်ခွဲများ၊ ဟုမ္မလင်း၊ခန္တီးမြို့နယ်များသို့ စိုက်ပျိုးရေးလုပ်ငန်းသုံး ထောင်ချောက် (၃၉)ခုနှင့် ပိုးသတ်ဆေးဖြန်း လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် PPE ဝတ်စုံ(၁၀)စုံတို့ကို စစ်ကိုင်း တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ၊ စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းလှိုင်ဦးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 ဝင်းဦး(ဇေယျာတိုင်း)