မန္တလေး ၂၀ ဇွန်
COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား ဆဌမအကြိမ်တွင် နိုင်ငံ တော်မှ COVID-19 Fund အဖြစ်ချေးငွေကျပ် ၄၉ ဒသမ ၁၁၆ ဘီလီယံခွင့်ပြုခဲ့ရာ မန္တလေးတိုင်းဒေသကြီးမှ လျောက်ထားသူ ၄၁၇ ဦး အနက် ယခုအကြိမ်အထိ ကုမ္ပဏီနှင့်လုပ်ငန်းရှင် ၃၃၀ မှ ချေးငွေရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တစ်ဆင့် ချေးငွေ လျှောက်ထားပြီး ချေးငွေရရှိမှုမှာ စတုတ္ထအကြိမ်တွင် ၈၆ ဦး၊ပဉ္စမအကြိမ်တွင် ၃၀ နှင့်ယခုဆဌမကြိမ်တွင် ၂၁၄ ဦး စုစုပေါင်း ၃၃၀ ရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ဦးကျော်စိုးနိုင် က ပြောသည်။
မန္တလေးတိုင်းဒေသကြီးမှ ချေးငွေလျှောက်ထားသူ(၄၁၇) မှာ ယခုဆဌမအကြိမ်အထိ ချေးငွေရရှိသူ ၃၃၀ ရရှိခဲ့ ကြောင်း၊ယခုဆဌမအကြိမ်မှာ ချေးငွေရရှိသူ ၂၁၄ ဦးရှိကြောင်း၊ အကြောင်းကြားစာရရှိသည့် ချေးငွေရရှိသူ လုပ်ငန်းရှင်များအနေဖြင့် အသင်းရုံးတွင် လာရောက်ထုတ်ယူရမှာ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တစ်ဆင့် ချေးငွေ လျှောက်ထားပြီး ချေးငွေရရှိသူများအနေဖြင့် ဘဏ်သို့ဆက်သွယ်ရမည့်ချေးယူခွင့်ပြုကြောင်း အကြောင်းကြားစာကို မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးသို့ ဇွန် ၂၂ ရက် မွန်းလွဲ ၂ နာရီ တွင် လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းမှ လျှောက်ထားသူများတွင် မန္တလေး၊ပုဂံညောင်ဦး၊ပြင်ဦးလွင်စသည့် ဒေသများ မှ ဟိုတယ်များ၊ကွန်ပျူတာ စက်ပန်းထိုး ၊ ဆန်စက်များ၊ယိုလုပ်ငန်းများလည်း ပါဝင်ပြီးလုပ်ငန်းအမျိုး အစားအလိုက် ချေးငွေ ရရှိမှုပမာဏကွဲပြား၍ နိုင်ငံတော်ဘဏ်မှတစ်ဆင့် ထုတ်ယူရမည်ဖြစ် ကြောင်း၊ချေးငွေပြန်ဆပ်ရန် ကာလမှာ တစ်နှစ် နှင့် ချေးငွေအတိုးနုန်းထားမှာ ၁ %ဖြစ်ကြောင်းသိရသည်။
COVID-19 Fund ချေးငွေအဖြစ် နိုင်ငံတော်မှ ငွေကျပ် ဘီလီယံ ၁၀၀ ကို CMPလုပ်ငန်းများ၊ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းများ၊အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအားချေးငွေချထားပေးခြင်းဖြစ်သည်။တစ်နိုင်ငံလုံးအတိုင်းအတာအရ လျှောက်ထားသည့် လုပ်ငန်းရှင်နှင့်ကုမ္ပဏီပေါင်း(၄၂၅၉)ဦးဖြစ်ပြီး ချေးငွေချထားပေးမှုအနေဖြင့် ပထမအကြိမ်တွင် ၈၅ ခု၊ဒုတိယအကြိမ်တွင် (၁၁၃) ခု၊တတိယ အကြိမ်တွင် (၁၁၁) ခု၊ စတုတ္ထအကြိမ်တွင် (၄၁၇)ခု၊ပဉ္စမအကြိမ်တွင် (၂၉၀) နှင့် ဆဌမအကြိမ်တွင် (၂၀၇၈)ခု စုစုပေါင်း လုပ်ငန်းရှင်နှင့်ကုမ္ပဏီပေါင်း (၃၀၉၄)ခု အား ချေးငွေကျပ်(၈၆.၆၆၆၉) ဘီလီယံ အားချထားပေးခြင်းဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


