သာစည်  ၂၀  ဇွန်

မိတ္ထီလာခရိုင်   သာစည်မြို့နယ်   ဘုန်းတလုတ်ကျေးရွာ  တောင်သူများထံ    မိုး/မိုးနှောင်းချည်မျှင်ရှည်ဝါ ရွှေတောင်(၁၀)မျိုးသန့် အထူးဇုန်ဧက(၅၀)အတွက်မျိုးစေ့နှင့်ပံ့ပိုးပစ္စည်းပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပြုလုပ်သည်။

မျိုးစေ့နှင့် ပံ့ပိုးပစ္စည်းများပေးအပ်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟက အမှာစကား ပြောကြားပြီး  ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးစိုးသိန်းက အထူးဇုန် ဆောင်ရွက်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် အထူးဇုန်များဆောင်ရွက်ပေးခြင်းဖြင့် တောင်သူများ မျိုးစေ့ထုတ်တတ်သည့်အလေ့ အကျင့်များရရှိရန်နှင့် အထူးဇုန်ဆောင်ရွက်ထားသည့်  အနီးဝန်းကျင်မှ တောင်သူများမျိုးသစ်များကိုလေ့လာနိုင် ရန်စသည်ဖြင့် အထူးဇုန်ဆောင်ရွက်ခြင်း ရည်ရွယ်ချက် များ၊တောင်သူများအနေဖြင့် ပြောင်းလဲလာသောရာသီဥတုအခြေအနေများနှင့်အညီ စိုက်ပျိုးရေးကို ဆောင်ရွက်ကြရန် နည်းပညာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးငွေက  အထူးဇုန်ဆောင်ရွက်ထားမှုများကို    ရှင်းလင်းပြောကြားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊  ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊   ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေးနှင့် တာဝန်ရှိသူများက တောင်သူများထံ ပံ့ပိုးပစ္စည်းများဖြစ်သော မျိုးစေ့ထုပ်များ၊ မျိုးစေ့လူးနယ် ဆေးများနှင့် နည်းပညာပေး လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဝါစိုက်ပျိုးပြီးအပင်ဖြစ်ထွန်းချိန်တွင် ဓာတ်မြေဩဇာကို တစ်ဧကတစ်အိတ်နှုန်း ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။               

သာစည်မြို့နယ်တွင် အထူးဇုန်ဧက(၁၅၀)ဆောင်ရွက်ခွင့်ရရှိခဲ့ရာ မိုး/မိုးနှောင်းချည်မျှင်ရှည်ဝါရွှေတောင်(၈) မျိုးသန့်အထူးဇုန်ဧက(၁၀၀)ကို   မေလက  ဘွဲ့ခြားကျေးရွာအုပ်စုတွင်   စိုက်ပျိုးဆောင်ရွက်ထားရှိပြီး ဖြစ်ကာ

မိုး/မိုးနှောင်းချည်မျှင်ရှည်ဝါ ရွှေတောင်(၁၀)မျိုးသန့် အထူးဇုန် ဧက(၅၀)ကို ဘုန်းတလုတ်ကျေးရွာမှ   တောင်သူ ၄၄ ဦးတို့က စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။                         

ထွန်းထွန်(သာစည်)