၂၀  ဇွန်

လမ်းမတော်မြို့နယ်တွင် ကုန်သည်စက်မှုအသင်းချုပ်သင်တန်းကျောင်း (UMFCCI Training Institute) မှ ပုံမှန်ဖွင့်လှစ် လျက်ရှိသည့်သင်တန်းများကို အွန်လိုင်းစနစ်ဖြင့်သင်ကြားရေးနှင့် ဘာသာရပ်အသစ်များ ထပ်မံတိုးချဲ့ သင်ကြားနိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များ၊ ဆရာ၊ ဆရာမ များပါဝင်သော အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် Video Conferencing ပြုလုပ်၍ ကျင်းပခဲ့သည်။

UMFCCI Training Institute သည် ဘာသာရပ် (၁၇) ခုကို (၃) လကြာသင်တန်းများအဖြစ် တစ်နှစ်လျှင် (၃) ကြိမ် အသင်းချုပ်၌ ပုံမှန်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော်လည်း ယခုလို COVID-19 ကပ်ရောဂါကာလ၌ အွန်လိုင်းစနစ်ဖြင့်ပြောင်းလဲ၍ သင်ကြားပို့ချနိုင်ရေးနှင့် ဘာသာရပ်များတိုးချဲ့ သင်ကြားနိုင်ရေးအတွက် ကော်မတီတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများမှ ယနေ့အစည်းအဝေးတွင် အသီးအသီး ဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် ကျောင်းသား၊ ကျောင်းသူများထံ အွန်လိုင်းမှတဆင့် လက်တွေ့သင်ကြားရမည့် နည်းစနစ်များကို ဆရာ၊ ဆရာမများနှင့် ဆွေးနွေးညှိနှိုင်းခြင်း၊ အွန်လိုင်းစနစ်ဖြင့် သင်ကြားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများကိုလည်း မျှဝေခြင်းတို့ကို ပြုလုပ်ခဲ့သည်။

UMFCCI Training Institute သည် ဇွန်လ ၁၃ ရက်နေ့တွင် “Business English Course” ကို လည်းကောင်း၊  ဇွန်လ ၁၄ ရက်နေ့တွင် "Introduction to Writing and writing a personal profile for a social app or website" ကိုလည်းကောင်း အခမဲ့သင်တန်းအနေဖြင့် Zoom Online Platform မှ သင်ကြားပို့ချ ပေးခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။ ယခုကဲ့သို့ သင်တန်းကျောင်းအနေဖြင့် အွန်လိုင်းစနစ်ကို ပြောင်းလဲ ကျင့်သုံး၍ ဘာသာရပ်များအား သင်ကြားပို့ချခြင်းဖြင့် နယ်မှ ကျောင်းသား၊ ကျောင်းသူများလည်း တက်ရောက်နိုင်မည့်အခွင့်အရေးများ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဆန်းမြင့်  

 

photo 002