ပန်ဆောင်  ၂၀   ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခန္တီးခရိုင်၊ ပန်ဆောင်မြို့ စည်ပင်သာယာစေျးအတွင်း သက်တန်းလွန်စားသောက်ကုန်နှင့် အိန္ဒိယပစ္စည်းများ တင်သွင်းရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ဇွန် ၁၉ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြသည်။

 

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့စည်ပင်သာယာရေးတာဝန်ခံနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဦးဆောင် ၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အိန္ဒိယနိုင်ငံမှ ကုန်ပစ္စည်းများ တင်သွင်းရောင်းချမှု တားမြစ်ထားခြင်းအပေါ် လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးပြီး စေျးဆိုင်များတွင် သက်တန်းလွန် စားသောက်ကုန်နှင့် ကုန်အမှတ်တံဆိပ်မပါရှိသော ပစ္စည်းများကို လိုက်လံသိမ်းဆည်းခဲ့ကြသည်။

 

ထို့နောက် အဆိုပါ ပစ္စည်းများအား ရောင်းချခြင်း မပြုလုပ်ရန်နှင့် ထပ်မံရောင်းချမှုအား စစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဂျာယော်(ပြန်ဆက်)