တိုက်ကြီး ၂၀ ဇွန်
ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ပိုက်လုံးစုကျေးရွာနှင့် ကန်သာယာကျေးရွာများတွင် တောဆင်ရိုင်း ဝင်ရောက်၍ လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စု(၄)စုအတွက် ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ် ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၂၀၀၀၀၀၊ လူဦးရေ (၁၂)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် ၂၅၂၀၀ နှင့် ပစ္စည်း(၁၁)မျိုးတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးနှင့် တာဝန်ရှိသူများက အိမ်ထောင်စု(၄)စုထံ အသီးသီး ပေးအပ်ခဲ့သည်။
ပိုက်လုံးစုကျေးရွာနှင့် ကန်သာယာကျေးရွာတို့တွင် ဇွန် ၁၂ ရက်နှင့် ၁၆ ရက်တွင် တောဆင်ရိုင်းဝင်ရောက်၍ လူနေအိမ် (၄)လုံးပျက်စီးခဲ့ခြင်း ဖြစ်သည်။
စန်းကလျာခိုင်(ပြန်/ဆက်)


