မြို့သစ် ၂၀ ဇွန်
မကွေးခရိုင် မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလ ကုစားမှုအစီအစဉ်အရ တောင်သူများ မိုးစပါးမျိုးသန့်များ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ဘက်စုံနည်းပညာသုံး စံပြကျေးရွာဖြစ်သော ကိုရံတောင် ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက “စိုက်ပျိုးရေးဦးစီးဌာနမှ သတ်မှတ် ထားရသည့် လုပ်ငန်းစဉ်(၁၆)ရပ်အား လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသရှိိမျိုးစေ့ထုတ် သမအသင်းအဖွဲ့ နှစ်ဖွဲ့တို့နှင့်အတူ ကျေးရွာအုပ်စုအလိုက် ရေ/မြေသေချာ၍ စပါးမျိုးသန့်မျိုးစေ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်များအား လိုက်နာဆောင်ရွက်နိုင်သည့် တောင်သူများရွေးချယ်ကာ မြို့သစ်မြို့နယ်တွင် စပါးမျိုးသန့်ထုတ် စိုက်ပျိုးဧရိယာ စုစုပေါင်း ၂၆၂ ဧက စိုက်ပျိုးထုတ်လုပ်သွားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း” ပြောသည်။
အဆိုပါ စပါးမျိုးစေ့ထုတ် အစီအစဉ်ကို ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကိုဗစ်-၁၉ ကာလ စီးပွားရေးပြန်လည်ကုစားမှု အစီအစဉ်အရ အထွက်ကောင်းစပါးမျိုး တစ်ဧကလျှင် ၁၄၈၅၀၀ ကျပ်နှုန်းနှင့် ၁၅၀၅၀၀ ကျပ်နှုန်းဖြင့် ပြည်ထောင်စုအဆင့် ရန်ပုံငွေမှ ထောက်ပံ့ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)


