ဇွန် ၂၀
ကိုဗစ်-၁၉ ကြောင့် တရုတ်သို့ ကုန်စည်သယ်ယူပို့ဆောင်ရာတွင် ကုန်တင်ကားခများ ယခင် ကိုဗစ်-၁၉ မဖြစ်ခင်ကာလထက် နှစ်ဆမြှင့်တက်လျက်ရှိကြောင်း မူဆယ်အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ပြောသည်။
ယခင် ကိုဗစ်-၁၉ မဖြစ်ပွားခင်ကာလ၌မူဆယ်-မန္တလေး ကုန်တင်ကားခမှာ ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီးကို ကျပ် ခုနစ်သိန်းမှ ကိုးသိန်းခွဲကြားသာ ရှိသော်လည်း ယခုအခါ ကျပ် ၁၈ သိန်းခန့် ပေးရကြောင်း၊ မူဆယ်-မန္တလေး တွဲကား ၂၂ ဘီးကုန်တင်ယာဉ်တစ်စီးကိုလည်း ယခင် ကျပ် ၁၃ သိန်းနှင့် ၁၄ သိန်းကြားရှိခဲ့ရာမှ ယခုအခါ ကျပ် ၂၈ သိန်းခန့် ပေးရကြောင်း သိရသည်။
ထိုနည်းတူ မူဆယ်-ရန်ကုန် ကုန်တင်ကားခမှာ ၁၂ ဘီးယာဉ်တစ်စီးကို ကျပ် ၁၂ သိန်းနှင့် ၁၄ သိန်းကြားသာ ရှိသော်လည်း ယခုအခါ ကျပ် ၂၈ သိန်းခန့် ပေးရကြောင်း၊ မူဆယ်-ရန်ကုန် တွဲကား ၂၂ ဘီးယာဉ် ကားခမှာလည်း ယခင် ၁၈ သိန်းနှင့် ၂၁ သိန်းကြား ရှိခဲ့ရာမှ ယခုအခါ ကျပ် ၃၈ သိန်းခန့် ပေးရကြောင်း သိရသည်။
ထိုသို့ ကုန်တင်ကားခများ နှစ်ဆခန့် မြှင့်တက်နေသောကြောင့် သွင်းကုန်များ တင်သွင်းရာတွင် အခက်အခဲများရှိကြောင်းမူဆယ် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ
ဦးဝင်းအောင်ခန့် က ဆက်ပြောသည်။
"ကုန်ကားခ တက်တော့ ကားရှာရ ခက်လာတယ်၊ ဒီဘက်မှာလည်း ပစ္စည်းတွေက မတင်ရတဲ့ အခါကျတော့ ကျွန်တော်တို့ ဗမာပြည်ကို တင်သွင်းတဲ့ ပစ္စည်းတွေကလည်း ကျယ်ဂေါင်နဲ့ ရွှေလီက ဂိုဒေါင်တွေထဲမှာ အပြည့်ထည့်ထားတယ်၊ ပစ္စည်းတွေက ပုံနေတာပေါ့၊ အဲဒါကျတော့ ကျွန်တော်တို့ Supply နဲ့ Demand မှာ Demand က များလာတဲ့အခါကျတော့ Supply က သိပ်မရှိတဲ့အခါကျတော့ စျေးကွက်သဘောအရ နှစ်ဆတက်သွားတာပေါ့၊ လုပ်ရ ကိုင်ရ ခက်တာပေါ့"ဟု ၎င်းက ထပ်မံပြောကြားသည်။
ထို့ပြင် ကုန်စည်သယ်ယူပို့ဆောင်ရေးအပိုင်းတွင်လည်း ကုန်တင်ကုန်ချ လုပ်သား မလုံလောက်မှုများ ကြုံတွေ့နေရပြီး ယခင်က ကုန်တင်ကုန်ချ လုပ်အားခမှာ ကုန်တစ်တန်လျှင် ကျပ် ၄၀၀၀ ရှိရာမှ ယခုအခါ ကုန်တစ်တန်လျှင် ကျပ် ၁၂၀၀၀ အထိ ရှိကြောင်း၊ လုပ်သား အခက်အခဲကြောင့် ဂိုဒေါင်များတွင်လည်း ကုန်တင်ယာဉ်များ လေးငါးရက် တန်းစီစောင့်ဆိုင်းရကြောင်း သိရသည်။
လက်ရှိ တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ အဆုတ်ရောင်ရောဂါကို မပျံ့နှံ့စေရေး ကာကွယ်ထိန်းသိမ်း ရန်အတွက် နယ်စပ်ဒေသစီမံခန့်ခွဲရေးကို တင်းကျပ်စွာ ဆောင်ရွက်လျှက်ရှိပြီး ဧပြီလအတွင်းမှစ၍ တရုတ်နိုင်ငံသို့ ကုန်တင်ယာဉ်များ ဝင်ရောက်ရာတွင် သတ်မှတ်ပေးထားသော အစားထိုးယာဉ်မောင်းဖြင့် ဝင်ထွက်ခွင့် မူဝါဒကြောင့် မူဆယ်မြို့နှင့် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့တို့တွင် ကုန်တင်ကားကြီးများ ရက်ရှည်တန်းစီ စောင့်ဆိုင်းနေရပြီး ယာဉ်ကြောပိတ်ဆို့လျက်ရှိသည်။
ထိုကဲ့သို့ အခက်အခဲများ ကြုံတွေ့နေရသဖြင့် ပို့ကုန်ပိုင်းတွင် ပုတ်သိုး ပျက်စီးလွယ်သည့် ကုန်ပစ္စည်းများမှာ ပျက်စီးဆုံးရှုံးမှုများ ရှိသောကြောင့် တရုတ်ဘက်မှ ပစ္စည်းအမှာ နည်းလာကြောင်း ဦးဝင်းအောင်ခန့် က ပြောသည်။
သို့ဖြစ်၍ ယာဉ်ကြောပိတ်ဆို့မှုအဆင်ပြေစေရန် ကုန်ကားများကို မူလအတိုင်း မြန်မာယာဉ်မောင်းများဖြင့်သာ ပေးဝင်ရန်၊ နှစ်နိုင်ငံဝင်ပေါက်များကို ချဲ့ရန်၊ တရုတ်နိုင်ငံဘက်ခြမ်းရှိ လုပ်ဆောင်ရသော စစ်ဆေးမှုများကို အချိန်လျှော့ချပေးရန်နှင့် မြန်မာဘက်ရှိ သက်ဆိုင်ရာဌာနများ၏ လုပ်ဆောင်မှုများ မြန်ဆန်စေရေး မလိုအပ်သည်များကို လျှော့ချစီစဥ်ပေးရန် လိုအပ်ကြောင်း၊ ထို့ပြင် တရုတ် မြန်မာ နှစ်နိုင်ငံ သက်ဆိုင်ရာ အစိုးရများအနေဖြင့်လည်း ယင်းကိစ္စနှင့်ပတ်သက်ပြီး ထိထိမိမိ ဆွေးနွေးစေချင်ကြောင်း မူဆယ် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ငြိမ်းငြိမ်း


