နယ်စပ်ဒေသ တရားမဝင် ဝင်ပေါက်များမှ ခိုးဝင်မှုများရှိနေကြောင်း သတင်းများ ကြားသိရသည်။ အိမ်နီးချင်းနိုင်ငံများနှင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ ဖွင့်လှစ်ထားရှိရာ သာမန်အချိန်ကာလများတွင်ပင် အဆိုပါဂိတ်များမှ တရားဝင်နယ်စပ်ဖြတ်ကျော်သွားလာမှုများ သည်သာ ဥပဒေနှင့်ညီညွတ်မည်ဖြစ်ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ကူးသန်းသွားလာသူများမှာမူ နှစ်ဖက်စလုံးတွင် ဥပဒေနှင့် ငြိစွန်းမည်ဖြစ်သည်။ ယခုအချိန်ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကျရောက်နေသောအချိန်တွင် တရားမဝင်နယ်စပ် ဖြတ်ကျော်ခြင်းက ပို၍ပင် ကြီးလေးသော ဥပဒေချိုးဖောက်မှု ပြုလုပ်ရာ ရောက်မည်ဖြစ်သည်။

 

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ၏ ပြည်တွင်း ကူးစက်မှုနှုန်းမှာ အလွန်နည်းပါးနေသော်လည်း အိမ်နီးချင်းနိုင်ငံ များမှ ဝင်ရောက်လာသူများထံမှ ရောဂါပိုးတွေ့ရှိမှုက များနေသည်။ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၃ ဦးကို တွေ့ရှိခဲ့ရာ တစ်နေ့တည်း အတည်ပြု လူနာတွေ့ရှိမှုအများဆုံးနေ့အဖြစ် စံချိန်တင်သွားခဲ့သည်။ ၎င်း အတည်ပြုလူနာများ အနက် ၁၉ ဦးမှာ ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာကြသူများဖြစ်ပြီး လေးဦးမှာ မလေးရှားနိုင်ငံမှ ပြန်လည်ဝင်ရောက်လာကြသူများဖြစ်သည်။ ၎င်းတို့အားလုံးမှာ အသွားအလာ ကန့်သတ်ထားရှိပြီး စောင့်ကြည့်စစ်ဆေးရာမှ ကိုဗစ် ၁၉ ဂါပိုးကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ယင်းသို့ တွေ့ရှိလိုက်ခြင်းအားဖြင့် ရောဂါပိုးကူးစက်ခံထားရသူ များကို စောစီးစွာကုသပေးနိုင်မည်ဖြစ်သလို ၎င်းတို့တစ်ဆင့် နောက်ထပ်ကူး စက်ခံကြရမည့်သူများစွာတို့ကို ကာကွယ်ပေး လိုက်နိုင်ခြင်းလည်း ဖြစ်သည်။

 

နိုင်ငံအတွင်း ပြန်လည်ခိုးထဲကြခြင်းက လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းဖြစ်သလို ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ ဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပတို့ကို ချိုးဖောက်ရာလည်း ကျရောက်မည်ဖြစ်သည်။ ထို့အပြင် နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကာ ကူစက် ရောဂါပါရှိမလာစေရေးအတွက် အသွားအလာကန့်သတ် စောင့်ကြည့်မှုများကို မခံယူဘဲ ရှောင်ကွင်းသွားခြင်း၊ နေရပ်ဒေသ နှင့်နေအိမ်သို့ ပြန်လည်ဝင်ရောက်သွားခြင်းအားဖြင့် အကယ်၍သာ ခိုးဝင်လာသူတွင် ရောဂါကူးစက်ခံရပါက ၎င်း၏ ခရီးစဉ်တစ်လျှောက် တိုက်ရိုက်၊ သွယ်ဝိုက်ထိတွေ့ခဲ့သူများ၊ ၎င်း၏ကျေးရွာ ရပ်ကွက်အတွင်းမှ ၎င်းနှင့်ထိတွေ့ဆက်ဆံသူများ၊ မိသားစုဝင်များ စသည်တို့ကို ကူးစက်ပျံ့နှံ့သွားမည်ဖြစ်သည်။

 

ယခုအခါ ကမ္ဘာတစ်ခွင်၌ ကိုရိုနဆိုင်းရပ်စ်ကူးစက်ခံထားရသူ ကိုးသန်းခန့် ရှိလာပြီဖြစ်ပြီး သေဆုံးသူမှာလည်း လေးသိန်း ခြောက်သောင်းကျော်ရှိလာပြီဖြစ်သည်။ ဆက်လက် ကူးစက်ပျံ့နှံ့ နေသရွေ့ ကိန်းဂဏန်းများမှာလည်း နေ့စဉ်နှင့်အမျှ ဒီရေတိုးသလို တိုးနေမည်ဖြစ်သည်။ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများမှာ အထက်တွင်ဆိုသကဲ့သို့ အန္တရာယ်ကို သယ်ဆောင်လာသည့် အခြေ အနေမျိုး ဖြစ်နိုင်သည့် အတွက် ဝိုင်းဝန်းကာကွယ်တားဆီးပေး ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဇွန် ၃ ရက် ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

 

ထို့အပြင် ““တရားမဝင်ဝင်လာသူများ ထိုကဲ့သို့ ဝင်လာခြင်းကို သိလျက်နဲ့ လက်သင့်ခံသူများ၊ ဖုံးကွယ်ထားသူများကို ဥပဒေရ တင်းကျပ်စွာ အရေးယူမည်ဖြစ်ပါကြောင်း၊ ဒီလို အများအတွက် အန္တရာယ်ရှိတဲ့ လုပ်ရပ်မျိုးအကြောင်းသိလျှင် ရပ်ကျေးအုပ်ချုပ်ရေးမှူးကို အမြန်ဆုံး အသိစေလိုကြောင်း၊ ဒီလို အသိပေးတာ တစ်ပါးသူကို ချောက်တွန်းရာ မရောက်ပါကြောင်း၊ အပြစ်မဲ့အများ သူငါဂါချောက်ထဲမကျင်ကာကွယ်ပေးတာ ဖြစ်ပါကြောင်း" ရေးသားဖော်ပြခဲ့သည်များကို လိုက်နာဆောင်ရွက်ကြခြင်းအား ဖြင့် ခိုးဝင်လသူများနှင့်အတူ လိုက်ပါလာကာ လူမသိ သူမသိ ကူးစက်ပျံ့နှံ့ဖွယ်ရှိသည့် ကိုဗစ် ၁၉ ၏ အန္တရာယ်ကို ကာကွယ်နိုင် ကြပါစေကြောင်း။ ။

 

မြန်မာ့အလင်း