ကျွန်းစု ၂၁ ဇွန်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အစီအစဉ်ဖြင့် စေတနာ့ဝန်ထမ်း ဆင့်ပွားသင်တန်း နေ့တစ်ရက်သင်တန်းကို ဇွန် ၂၀ ရက် နံနက် ၉ နာရီက ကျွန်းစုမြို့၊ ကျွန်းရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲတွင် မြို့နယ်စေတနာဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့ နာယက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းကို စတင်သင်ကြားပို့ချခဲ့ရာ မြန်မာနိုင်ငံဆရာဝန်အသင်း(မြိတ်)မှ ဒေါက်တာတင်စိုးမိုးက ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ၊ တာဝန်နှင့် လုပ်ငန်းလမ်းညွှန်များ၊ အမျိုးသမီးများအပေါ် ကြမ်းဖက်မှုများကို လည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများက စောင့်ကြည့်ခံပြည်သူများနှင့် စေတနာ့ဝန်ထမ်းများ ပြောဆိုဆက်သွယ်နည်း၊ မိမိကိုယ်ကို ကာကွယ်နည်းများ၊ PPE ဝတ်စုံဝတ်နည်းများကို လည်းကောင်း၊ မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်း၊ လူမှုရေးလိုအပ်ချက်ရှိသူများအား ဝန်ဆောင်မှုပေးခြင်းတို့ကို လည်းကောင်း ပို့ချသင်ကြားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်းတို့ ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း ၆၀ တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


