ကော့သောင်း ၂၁ ဇွန်
COVID-19 ရောဂါ ထိန်းချုပ်မှုကာလအတွင်း ကော့သောင်းမြို့ပေါ် ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား ဆွမ်းကိစ္စအဆင်ပြေစေရေး အခြေခံစားသောက်ကုန် လှူဖွယ်ပစ္စည်းများကို မြို့နေစေတနာရှင် မိသားစုများမှ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ နိဗ္ဗာန်အေး ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းမှုတွင် COVID-19 ရောဂါ ထိန်းချုပ်မှုကာလနှင့် မိုးဦးကျကာလဖြစ်လာသည့်အလျောက် ရဟန်းသံဃာများ ဆွမ်းကွမ်းကိစ္စ အဆင်ပြေမှုဖြစ်စေရန် ရည်ရွယ်ကာ ကော့သောင်းမြို့ မိမြို့ဖ စေတနာရှင် မိသားစုများဖြစ်သည့် ဦးကျော်လွင်မိသားစုနှင့် ဦးဘိ+ဒေါ်ရွှေဝါ မိသားစုတို့က ကော့သောင်းမြို့ပေါ် ဘုန်းတော်ကြီးကျောင်းဖြစ်သည့် နိဗ္ဗာန်အေးပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းတိုက်သို့ ဆန်အိတ်(၅၀ဝ)နှင့် ပဲဆီသန့်(၅၀၄)ဘူး၊ အသင့်စားခေါက်ဆွဲခြောက်များ၊ ရယ်ဒီမိတ် ကွေကာအုပ်ထုတ်များကို မိသားစုများက လာရောက်ဆက်ကပ် လှူဒါန်းခဲ့ခြင်းဖြစ်သည်။
အလားတူ စေတနာရှင်မိသားစုများမှ ကော့သောင်းမြို့ပေါ်ရပ်ကွက်များရှိ အခြားဘုန်းတော်ကြီး ကျောင်းတိုက်များသို့လည်း လိုက်လံလှူဒါန်း ဆက်ကပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


