ကော့သောင်း ၂၁ ဇွန်
ကော့သောင်းမြို့ရှိ INGO နှင့် NGO အဖွဲ့များပူးပေါင်းကာ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး တုံ့ပြန်ပညာပေးလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက ရန်ကြီးအောင် ကြက်တောင်အားကစားခန်းမ အသွားအလာ ကန့်သတ်စောင့်ကြည့်စခန်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပညာပေးတုံ့ပြန် ဆောင်ရွက်တဲ့အစီအစဉ်တွင် ကော့သောင်းမြို့ ပြည်သူများ၏ ကျန်းမာရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိသည့် INGO အဖွဲ့အစည်းများဖြစ်သည့် World Vision – Myanmar (ကော့သောင်း)၊ အီတလီအခြေစိုက် MedAcross ဆေးကုသရေးအဖွဲ့၊ ARC ငှက်ဖျားနှင့် တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့၊ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်း FED အဖွဲ့၊ အီတလီအခြေစိုက် အွိုက်ကော့ OIKOS အဖွဲ့၊ NGO အဖွဲ့အစည်းများဖြစ်သည့် ပါချန်ဗေဒါအဖွဲ့နှင့် ပြည်ကြီးခင်လူမှုရေးအဖွဲ့များ ပူးပေါင်းကာ အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ခံယူလျက်ရှိသည့် ပြည်သူများအား COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများဖြစ်သည့် ရောဂါကူးစက်မှုနှင့် သတိပြုဆင်ခြင်ရမည့် နည်းလမ်းများ၊ စိတ်ဓာတ်မြှင့်တင်မှုဆိုင်ရာ လိုအပ်ချက်များကို ပညာပေးဟောပြောခဲ့ကြပြီး မိမိတို့ အဖွဲ့အစည်းများမှ ထုတ်ဝေသည့် ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး၍ ကန့်သတ်စောင့်ကြည့်ခံ ပြည်သူများလိုအပ်မည့် နှာခေါင်းစည်းနှင့် လက်သန့်ဆေးများကို လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


