၂၁ ဇွန်

 

တရုတ်နိုင်ငံမြို့တော် ဘေကျင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စစ်ဆေးရန် လူနှစ်သန်းရဲ့ နမူနာတို့ဖတ်ယူပြီးဖြစ်ကြောင်းနဲ့ ဒီနေ့(တနင်္ဂနွေနေ့)မှာ ထုတ်ပြန်ချက်အရ ၂၂ ဦးမှာ ရောဂါပိုးတွေ့ရှိကြောင်း ပါရှိတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီနေ့ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူဦးရေမှာ ၂၆ ဦးဖြစ်ကြောင်း သိရပါတယ်။ 

 

ဘေကျင်းမှာ ရောဂါပိုးကူးစက်ခံရသူ အများစုကို ပြန်လည်တွေ့ရှိပြီးနောက် ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်ရန်အတွက် စစ်ဆေးမှုတွေကို အလျင်အမြန် လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ဘေကျင်းရှိ လူနေရပ်ကွက် အမြောက်အများကိုလည်း အသွားအလာကန့်သတ်ထားပြီး အရေးမကြီးရင် ခရီးမသွားရန် ညွှန်ကြားထားသလို ကျောင်းတွေကိုပါ ပိတ်ထားလိုက်ပါတယ်။ 

 

ဘေကျင်းမြို့က ရောဂါပိုးတွေ့ရှိသူ ၂၂ ဦးထဲမှာ သူနာပြုတစ်ဦးပါရှိတာကို တွေ့ရပါတယ်။ တကျော့ပြန် ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုနဲ့ ဆက်စပ်ပြီး လူပေါင်း ၂၀၀ ကျော်မှာ ဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိပြီးဖြစ်ပါတယ်။ 

 

ဘေကျင်းမြို့မှာ ရောဂါစစ်ဆေးပေးရေး စခန်း ၂,၀၀၀ ကျော် တည်ဆောက်ပြီး လူပေါင်း ၂ ဒသမ ၃ သန်းရဲ့ နမူနာတို့ဖတ်ကို ယူထားပြီးဖြစ်ပါတယ်။ 

 

ပြီးခဲ့တဲ့ သီတင်းပတ်က ဘေကျင်းရှိ အစားအစာရောင်းချတဲ့ လက္ကားဈေးတစ်ဈေးကနေ ဗိုင်းရပ်စ်ပိုး စတင်ခဲ့တာဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဟာ ဆယ်လ်မွန်ငါးခုတ်တဲ့ စဉ်းနှီးတုံးမှာ ကပ်နေရာမှ စတင်ပျံ့နှံ့ခဲ့ကြောင်း သိရပါတယ်။ အဲဒီလက္ကာဈေးဟာ ဘေကျင်းမြို့အတွက် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်  ၇၀ ရာခိုင်နှုန်းကို  ဖြန့်ဖြူးရာ နေရာဖြစ်ပါတယ်။ 

 

သောကြာနေ့ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံခြားမှတင်ပို့လာတဲ့ အစားအစာတွေကို စစ်ဆေးရေးတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။ 

 

MDN
ကိုးကား - AFP