ဂွ ၂၁ ဇွန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ ယမန်နေ့နံနက်က ဂွမြို့၌ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့မရပ်ကွက်ရှိ ဘုတ်ပင်ချောင် မြေယာဖေါ်ထုတ်ရာတွင် ပါဝင်မည့် မြေယာသက်ဆိုင်သူများနှင့် တွေ့ဆုံခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများ၊ သက်ဆိုင်ရာ တောင်သူများ တက်ရောက်ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ယခုမြေယာဖေါ်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းသည် မြို့ပြဖွံ့ဖြိုးရေးနှင့် ဒေသခံများ၏ လက်ရှိလူနေမှုဘဝထက် ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ စီမံကိန်းကြောင့် ဒေသခံများ နစ်နာမှုမရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြေယာကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ငန်းစဉ်တိုင်းတွင် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီး၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌတို့က မြေယာဥပဒေများနှင့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် ဂွမြို့နယ်၊ ရဟိုင်ကွင်းကျေးရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာမှ မိုးစပါး မျိုးစေ့ထုတ်၊ စံပြကွက်၊ စမ်းသပ်ကွက်စိုက်တောင်သူများနှင့် မိုးစပါးမျိုးစေ့ထုတ်လုပ်ကြမည့် ကျေးရွာများမှ တောင်သူများအား စိုက်ပျိုးရေးသွင်းအားစု မျိုးစေ့များ၊ ဓါတ်မြေဩဇာများ ပေးအပ်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားကာ တောင်သူများအား မျိုးစေ့နှင့် ဓာတ်မြေဩဇာများ ပေးအပ်သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဂွ- မကျေးငူတံတား တည်ဆောက်ရာ၌ တံတားချဉ်းကပ်လမ်းတွင် မြေယာပါဝင်သွားသူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂွ- မကျေးငူတံတား တည်ဆောက်ခြင်းသည် ဂွမြို့နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးသာမက ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အဓိကကျသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ယင်းတံတားသည် ဒေသခံများအတွက် အရေးပါသည့် တံတားတစ်စင်း ဖြစ်လာမည်ဖြစ်ပြီး တံတားကြီးတည်ဆောက်ပြီးစီးပါက ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အရှိန်အဟုန်ဖြင့် တိုးတက်လာမည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပြည်သူကိုဗဟိုပြု အလေးထားပြီး စီမံကိန်းများဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများကြောင့် ဒေသခံများဆုံးရှုံးမှု၊ နစ်နာမှုမရှိအောင် အလေးထား ဆောင်ရွက်နေပါကြောင်း၊ ယခုတွေ့ဆုံခြင်းသည် ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက်ခြင်းဖြစ်ပြီး၊ နစ်နာမှု မရှိစေရန် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဒေသခံများအနေဖြင့် ပြောင်းလဲလာသည့် အခြေအနေနှင့် လိုက်လျောညီထွေစွာ တိုးတက်အောင် လိုက်ပါဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုတည်ဆောက်နေသည့် တံတားကြီး ပြီးမြောက်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ယင်းနောက် ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက တံတားတည်ဆောက်ခြင်းနှင့် တံတားချဉ်းကပ်လမ်းတွင် မြေယာပါဝင်သွားသူများအတွက် မြေယာ ဖော်ထုတ်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးပြီး၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌတို့က တံတားချဉ်းကပ်လမ်းတွင် မြေယာပါဝင်သွားသည့် ဦးပိုင် (၁၁)ခုမှ မြေယာနှင့် သက်ဆိုင်သူ (၂၆)ဦး၊ နေအိမ်အဆောက်အဦး ပါဝင်သူ(၉)ဦးတို့အား လျော်ကြေးငွေပေးအပ်ရန် စိစစ်တွက်ချက်ထားရှိမှု နှုန်းတားများနှင့် ပတ်သက်၍ ချပြရှင်းလင်း သဘောထားရယူခြင်းများ ဆောင်ရွက်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဝေယံလင်း (ပြည်နယ် ပြန်/ဆက်)


