လိပ်သို ၂၁ ဇွန်
ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လိပ်သိုမြို့ ယာဒိုဒေသ ကလေတကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးလုပ်ငန်း စံပြအကျိုးပြုတောင်သူများအား အိန္ဒိယ အာသံ လက်ဖက်မျိုး ပျိုးပင် ၃၀ဝ၀ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို လိပ်သိုမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ဇွန် ၂၁ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ လိပ်သိုမြို့ရှိ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စံပြအကျိုးပြုတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးသန်းထိုက်က အိန္ဒိယ အာသံ လက်ဖက်မျိုး ပျိုးပင်ထောက်ပံ့ပေးအပ်ခြင်း ရည်ရွယ်ချက်နှင့် အမှာစကား ပြောကြားပေးပြီး ပြည်နယ်ညွှန်ကြားရေးမှူးနှင့်အတူ ဘားအံခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသက်ဆွေ၊ လိပ်သိုမြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်၊ သံတောင်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးသိန်းထိုက်မင်းနှင့် လိပ်သိုမြို့ စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးအောင်သော်မြင့်တို့က စံပြအကျိုးပြုတောင်သူများအား လက်ဖက်ပျိုးပင်များအား အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး လိပ်သိုမြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က မိမိတို့ဒေသအတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းများတွင် တွေ့ရသော အခက်အခဲများနှင့် လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့ပြီး ပြည်နယ် ညွှန်ကြားရေးမှူး ဦးသန်းထိုက်၊ ဘားအံခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသက်ဆွေနှင့် သံတောင်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းထိုက်မင်းတို့က ပြန်လည်ဖြေကြားခဲ့ကြပြီး လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တက်ရောက်လာသူများက စိုက်ပျိုးရေးအသိပညာပေး နံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)


