ရန်ကုန် ၂၁ ဇွန်
မရမ်းကုန်းမြို့နယ် အခြေပြု ကောက်ရိုးနွယ်လူမှုအကျိုးပြု ပရဟိတအဖွဲ့၏ မပြီးဆုံးသေးသော ကိုဗစ် ရောဂါကာလအတွင်း အခြေခံပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန် တတိယအကြိမ်မြောက် အလှူကို ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ အခြခံပြည်သူ (၅၅၅ ဦးအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀ တန်ဖိုးရှိ အခြေခံစားကုန်များ ယနေ့နံနက် ၁၀ နာရီတွင် သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုအတွက် ကောက်ရိုးနွယ် လူမှုအဖွဲ့နှင့် ဦးဖုန်းမြင့်အောင် ဦးဆောင်သော ကျောင်းနေဘက် သူငယ်ချင်း (၁၂) ဦးက ပံ့ပိုးထည့်ဝင်ငွေများ စုပေါင်းကာ လှူဒါန်းခြင်းဖြစ်ကြောင်း၊ လူတစ်ဦးလျှင် ဆန် (၂ )ပြည် ကြက်သွန်နီ၊ အချိုမှုန့်၊ ဆား၊ ခေါက်ဆွဲထုတ်များကို လူတစ်ဦးလျှင် တန်ဖိုး ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ကိုဗစ်ကာလအတွင်း တတိယအကြိမ် လှူဒါန်းခြင်းဖြစ်ကြောင်း ယနေ့လှူဒါန်းမှု တွင် ရန်ကင်းမြို့နယ် အမှတ် ၈ ရပ်ကွက် လမ်းအလိုက် လမ်းသူလမ်းသားများ စနစ်တကျခပ်ခွာခွာ စီတန်း၍ လက်ခံယူစနစ်ဖြင့် ပေးလှူခဲ့ပြီး ကန်ဘဲ့ဘူတာစျေးအနီး ခေါင်းရွက်ဗျက်ထိုး စျေးရောင်းချသူများ၊ အနှေးယာဉ်လုပ်သားများကို 'ပိုသူ မှ လိုသူကို" ပေးလှူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်မှာတော့ ဆန်နဲ့ဆီကို ကျွန်တော်တို့ ပရဟိတအဖွဲ့ အခြေပြု မရမ်းကုန်းမြို့နယ် အမှတ် ၁ ရပ်ကွက် အမှတ် ၂ ရပ်ကွက်ရှိ အခြေခံပြည်သူအများကို ကာလ ပေါက်စျေးနှုန်း ထက်ဝက်လျှော့ကာ စနေနေ့တိုင်း ၇၅ ကြိမ် ၁၈ လတိတိ ရောင်းချပေးခဲ့ပါတယ် ကိုဗစ်ကိစ္စပေါ်ပေါက်လာတော့ ရပ်ထားပြီး ခုလိုလှူဒါန်းမှုတွေ လုပ်ခဲ့တာဟာ သုံးကြိမ်မြောက်ပါ "ဟု ကောက်ရိုးနွယ် လူမှုအကျိုးပြုပရဟိတအဖွဲ့ အကျိုးဆောင်ဥက္ကဋ္ဌ ဦးသောင်းစိန် က ပြောသည်။
ယခုအလှူတွင် ကျောင်းနေဘက် သူငယ်ချင်း (၁၂) ဦးကိုယ်စား ဦးဆောင်သူ ဦးဖုန်းမြင့်အောင် က"ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကာလ ဆောင်ရွက် နေစဉ်အတွင်း ပြည်သူအများစု Home Start နေထိုင်ရခြင်း၊ အချို့မြို့နယ်များ Simi Lookdwn ချခြင်းတို့ကြောင့်၊ အလုပ်အကိုင်များဟာ ပုံမှန်လုပ်ကိုင်ရခြင်းမရှိသေးပါဘူး၊ လက်လုပ်လက်စား ခေါင်ရွက်ဈေးသည်၊ အနှေးယာဉ်နင်းသူအချို့မှာ စားရေးသောက်ရေး အလွန်ပင် လိုအပ်လျက်ရှိ နေပါတယ်၊ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ အနေဖြင့်လည်း အခြေခံပြည်သူအများကို ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စားကုန်(၅)မျိုး စသဖြင့် လှူဒါန်းပေးမှုများ ရှိသကဲ့သို့ ပုဂ္ဂလိက အဖွဲ့အစည်းတွေ၊ ပရဟိတ လူမှုအဖွဲ့အစည်းတွေ တတ်နိုင်သလောက် ပြည်သူမှ ပြည်သူသို့ ပေးလှူမှုများပြုလုပ် ပေးလျက်ရှိတယ်၊ ကျွန်တော်တို့က ကောက်ရိုးနွယ် ပရဟိတ လူမှုအဖွဲ့နဲ့ ပူးပေါင်းပြီး မိတ်ဆွေရင်း ကျောင်းနေဘက် သူငယ်ချင်းများ စုပေါင်းကာ နှလုံးလှစေတနာဖြင့် အလှူတစ်ခုပြုလုပ်ခြင်းဖြစ်ပါတယ်၊ ဆက်လည်း လှူဒါန်းသွားဖို့ ရှိပါတယ်"ဟု ပြောသည်။
သတင်း-မျိုးမင်းသိန်း မရမ်းကုန်း
ဓာတ်ပုံ-မျိုးကြီး


