ကော့ကရိတ် ၂၁ ဇွန်
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးကျေးရွာရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတား (၂)စင်း တည်ဆောက်ပြီးစီးမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါတံတားသည် ကော့ရိတ်မြို့နယ် ထို့ကော်ကိုး-ကျော်ခို ကျောက်ရောမြေသားလမ်း (၁၈/၄)မိုင်လမ်းပေါ်တွင် ပေ ၅၀ ရှိ သံကူကွန်ကရစ်တံတား (၁)စင်းနှင့် (၆၀)ပေ သံကူကွန်ကရစ်တံတား (၁)စင်းတို့အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု)ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းပြီးစီးမှုကို ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောထူး၊ ကရင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက် အင်ဂျင်နီယာ(မြို့ပြ) ဦးကောင်းမြတ်ထွဋ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတား(၂)စင်း တည်ဆောက်ပေးခြင်းကြောင့် ကျေးရွာ ၁၅ ရွာရှိ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာသည့်အပြင် ကုန်စည်စီးဆင်းမှု ယခင်ကထက် ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
စိုးထက်အောင်(ပြန်ဆက်)


