တပ်ကုန်း  ၂၁ ဇွန်

 

နေပြည်တော် တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးသုတေသနခြံတွင် သဘာဝမြေဆွေးမြေဩဇာ ပြုလုပ်သုံးစွဲနည်း တောင်သူပညာပေး သရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက အဆိုပါသုတေသနခြံဝန်း၌ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရေဆင်း) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦးတို့က ကျေးလက်စိုက်ပျိုးရေး တောင်သူများ ကိုဗစ်-၁၉ ကာလတွင် ဓာတုမြေဩဇာများ ခက်ခဲလာပါက သဘာဝမြေဩဇာများ ကိုယ်တိုင်ထုတ်လုပ် အသုံးပြုနိုင်ရေးကို အသိပေး ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တပ်ကုန်းစိုက်ပျိုးရေး သုတေသနခြံတာဝန်ခံ ဦးစီးအရာရှိ ဦးသာထွန်းက သဘာဝမြေဆွေးမြေဩဇာ ပြုလုပ်နည်း အဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တောင်သူများအား နေကြာပွင့်ဖတ်၊ ပဲရိုး၊ စပါးခွံ၊ ပဲခွံ၊ ပြောင်းဖက်၊ ပြောင်းအူတိုင် စသည့် စွန့်ပစ်အမှိုက် ပစ္စည်းများဖြင့် သဘာဝမြေဆွေး မြေဩဇာပြုလုပ်နည်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နွားချေး၊ နွားသေး၊ ထန်းလျက်၊ ရေများဖြင့် ရွက်ဖျန်းမြေဩဇာ ပြုလုပ်နည်းများကို သရုပ်ပြသခဲ့ကြောင်း သိရသည်။

 

တင်စိုးလွင်(ပြန်/ဆက်)