နေပြည်တော် ၂၁ ဇွန်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ဆေးသုတေသန (ပြင်ဦးလွင်ရုံးခွဲ) ရှိ သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာန (Research Capacity Strengthening Training Center) ၌ ကျင်းပခဲ့သည့် ကျန်းမာရေးသုတေသနများတွင် စကားစုများဖြင့်လေ့လာသည့် နည်းစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သင်တန်း (၁/၂၀၂၀) (training workshop on qualitative methods in health research - 1/2020) ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

 

သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီးတစ်ခုလုံး၏ စွမ်းဆောင်ရည်နှင့် အကျိုး ထိရောက်တို့အား တိုးတက်စေသည့်အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း များစွာ အထောက်အကူပြု အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပါကြောင်း၊

 

သုတေသနပြုလုပ်သူ ဝန်ကြီးဌာန၏ ဝန်ထမ်းတစ်ဦးချင်းအနေဖြင့်လည်း ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်စွမ်း၊ ဖောက်ထွက် စဉ်းစားနိုင်မှု၊ ဆန်းသစ်တွေးခေါ်နိုင်မှု၊ အခြေအနေအရပ်ရပ်ကို ဘက်ပေါင်းစုံ၊ ရှုထောင့်စုံမှ ထည့်သွင်း စဉ်းစားနိုင်မှု၊ အချက်အလက်အထောက်အထားကို အခြေခံ၍ ကျိုးကြောင်း ဆီလျော်ဆုံးဖြတ်နိုင်မှု၊ လုပ်ငန်းဆောင်ရွက်မှုများကို စောင့်ကြည့်ဆန်းစစ်နိုင်စွမ်းရည်များ တိုးတက်ရရှိလာမည်ဖြစ်ပါကြောင်း၊

 

COVID-19 ကူးစက်ဖြစ်ပွားမှုများကြောင့် သုတေသနစွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများကို ယာယီရပ်ဆိုင်းထားခဲ့ရာမှ ယခုအခါ စည်းကမ်းချက်များနှင့် အညီပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့သည့် ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း၊

 

ယခု သုတေသနစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းတွင် ဆေးရုံအုပ်၊ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးမှူး၊ ဆေးဘက်ဆိုင်ရာပညာရှင်၊ ဆေးဝါးပညာရှင် စသည်ဖြင့် ဝန်ကြီးဌာန၏ ဦးစီးဌာနများမှ ပညာရှင်အမျိုးအစားပေါင်းစုံ လေ့ကျင့်သင်ကြားပေးခြင်းသည် ကောင်းမွန်ပါကြောင်း၊

 

ဤ သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေး ဗဟိုဌာန၌ ပြုလုပ်သော သုတေသန စွမ်းဆောင်ရည်မြှင့်သင်တန်းအမျိုးမျိုးတွင် သက်ဆိုင်ရာ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းသား/ သူများအတွက် ပြုလုပ်သော သင်တန်းများအပြင် ဝန်ကြီးဌာနမှ စိတ်ပါဝင်စား တက်ရောက်လိုသူ မည်သူမဆိုတက်ရောက်နိုင်သည့် သင်တန်းများလည်း ရှိ ပါကြောင်း၊

 

ယခုသင်တန်းတွင် စကားစုများဖြင့်လေ့လာသည့် သုတေသန နည်းစနစ် (qualitative research method) များနှင့် ပတ်သက်၍ သင်ကြားသင်ယူမှုများပြုလုပ်ရာတွင်လည်း ဟောပြောပို့ချမှု သာမက အပြန်အလှန်ဝေဖန်ဆွေးနွေးခြင်း၊ အုပ်စုဖွဲ့လေ့ကျင့်ခြင်းနှင့် လက်တွေ့ကွင်းဆင်း သုတေသန ဆောင်ရွက်ခြင်း၊ အဖွဲ့လိုက် သုတေသနအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ဝေဖန်သုံးသပ်ခြင်း နှင့် ဆွေးနွေးတင်ပြခြင်း တို့ပါဝင်သည်မှာ ဝန်ကြီးဌာနတိုးတက်မှုအတွက် ရေရှည်တွင် အထူးကောင်းမွန်ပါကြောင်း၊

 

မိမိတို့ဝန်ကြီးဌာနသည် သုတေသနပြုလုပ်ဆောင်ရွက်သည့် အလေ့အကျင့်ကောင်းနှင့် သုတေသန ယဉ်ကျေးမှု ပိုမိုထွန်းကားလာစေရေးအတွက် (၂၀၁၆) ခုနှစ်၊ ဧပြီလမှ (၂၀၁၉-၂၀၂၀)ခု ဘဏ္ဍာရေးနှစ်အထိ သုတေသနပြုလုပ်ရန် ရန်ပုံငွေ ကျပ်သန်းပေါင်း (၆,၀၀၀) ခွင့်ပြုချထားပေးခဲ့ပါကြောင်း၊ (၂၀၂၀-၂၁) ခု ဘဏ္ဍာနှစ်၌လည်း သုတေသနရန်ပုံငွေ သန်း (၃,၀၀၀) လျာထားပါကြောင်း၊

 

အဆိုပါသုတေသနရန်ပုံငွေများကို အသုံးပြုကာ ဝန်ကြီးဌာန၏ ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စေရေး၊ ဘဏ္ဍာငွေခွဲဝေ သုံးစွဲမှုများ ပိုမို စနစ်ကျမှန်ကန်စေရေး၊ ရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ ပိုမိုပီပြင်စေရေး၊ ကျန်းမာရေးပြဿနာများ၊ ကုထုံးများ၊ ဆေးပညာ သင်ကြားမှု၊ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းဆောင်ရွက်မှု အခက်အခဲများ၊ မူဝါဒရေးရာများကို ပိုမိုကောင်းမွန်စေရေးနှင့် အားနည်းချက်များအား လိုအပ်သလို မွမ်းမံပြင်ဆင်ဆောင်ရွက်နိုင်ရေး အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုတိုးတက် ကောင်းမွန်စေရေး အသုံးချသုတေသနများကို မိမိတို့ ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် ယခုထက်ပိုမိုဆောင်ရွက်ကြစေလိုပါကြောင်း၊

 

သုတေသနတွေ့ရှိချက်များအပေါ်အခြေခံ၍ စီမံချက်များရေးဆွဲခြင်း၊ ဘဏ္ဍာငွေနှင့် အရင်းအမြစ်များ ခွဲဝေချထားခြင်း တို့ကို ဆောင်ရွက်ခြင်းဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းများ ပိုမိုပီပြင် အောင်မြင်နိုင်ကာ ကျန်းမာရေးအရင်းအမြစ်များကို အလေအလွင့်နည်းပါးစွာဖြင့် ပိုမိုအကျိုးရှိ ထိရောက်မှုရှိစွာ အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊

 

ဝန်ကြီးဌာနအနေဖြင့် အမျိုးသားကျန်းမာရေးသုတေသန မူဝါဒ (၂၀၁၇) ကို ရေးဆွဲနိုင်ခဲ့ပြီး အမျိုးသားသုတေသနမူဝါဒ ပေါ်ပေါက်လာရေးအတွက် မိမိတို့အားလုံးသည် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ပါဝင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

 

ဝန်ကြီးဌာနမှ ထူထောင်ခဲ့သည့် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသန မှတ်ပုံတင်စနစ် (Myanmar health research registry)၊ သုတေသန သတင်းအချက်အလက်စနစ် (research information system) နှင့် သုတေသနခေါင်းစဉ်ဘဏ်တိုက် (research title bank) တို့ကို ပိုမိုကောင်းမွန်ပြည့်စုံစေရေးနှင့် ခေတ်မီစေရေး မွမ်းမံဆောင်ရွက်သွားစေလိုပါကြောင်း၊

 

ဆေးသုတေသနဦးစီးဌာနအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသဆိုင်ရာရုံးမှ ထုတ်ဝေခဲ့သော Research management module များ ကိုမှီငြမ်း၍ ဆေးသုတေသနဦးစီးဌာန၏ မူပိုင်အဖြစ် သုတေသနစီမံခန့်ခွဲမှု module များကို ပြုစုထုတ်ဝေစေလိုပါကြောင်း၊ အလားတူ ဆေးသုတေသနဦးစီးဌာန၏ မူပိုင်အဖြစ် သုတေသနဆိုင်ရာကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့ (Institutional Review Board) လုပ်ငန်းလမ်းညွှန်၊ သုတေသနစီမံခန့်ခွဲမှု၊ သုတေသန နည်းပညာ ဆိုင်ရာ စာအုပ်စာတမ်းများကို ပြုစုထုတ်ဝေစေလိုပါကြောင်း၊ အဆိုပါ စာအုပ်စာတမ်းများအား ဝန်ကြီးဌာန၏ တက္ကသိုလ် (၁၆) ခုနှင့် သူနာပြု သားဖွဦး သင်တန်းကျောင်း (၅၃) ခုတို့၌ သုံးစွဲသွားစေလိုပါကြောင်း၊

 

ဝန်ကြီးဌာနမှ လာမည့်ဘဏ္ဍာနှစ်၌ ဆေးဝါးဝယ်ယူရန်အတွက် ကျပ် (၃၀၀) ဘီလီယံ တိုးမြှင့်မည်ဖြစ်သဖြင့် ဆေးသုတေသနဦးစီးဌာနအနေဖြင့် ဆေးဝါးနှင့်ဆေးပစ္စည်းများ ဝယ်ယူမှု၊ သိုလှောင်မှုနှင့် ဖြန့်ဖြူးမှုကဏ္ဍများပိုမိုကောင်းမွန်စေရေးအတွက် အသုံးချသုတေသနများကိုလည်း မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ သုတေသနအဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် ပူးပေါင်း၍လည်း multi-centric research များ ပိုမိုပြုလုပ်သွားစေလိုပါကြောင်း၊

 

သုတေသနစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများကို သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာကို အသုံးချကာ အင်တာနက် (online) မှ ပြုလုပ်သွားစေလိုပါကြောင်း၊

 

ယခု သင်တန်းအပါအဝင် ဝန်ကြီးဌာန၏ သင်တန်းများ၊ တက္ကသိုလ်များတွင် ဟောပြောပို့ချမှုများကို ရုပ်သံ (video) မှတ်တမ်းရိုက်ကူးကာ သင်တန်းမတက်ရောက်နိုင်သူများ လေ့လာဆည်းပူးနိုင်ရန်အတွက် ဝန်ကြီးဌာနရှိ သက်ဆိုင်ရာ ဦးစီးဌာနနှင့် တက္ကသိုလ်များ၏ အင်တာနက်စာမျက်တွင် ဖော်ပြထားရှိစေလိုပါကြောင်း၊

 

သင်တန်းနောက်ဆုံးနေ့တွင်လည်း သင်တန်းနှင့် ပတ်သက်၍ သင်တန်းတက်ရောက်သူများ၏ သဘောထားအမြင်များကို ကောက်ယူကာ သင်တန်းများ ပိုမိုကောင်းမွန်စေရေးဆောင်ရွက် ကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

ဆက်လက်၍ ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ခင်က ဝမ်းမြောက်စကားပြောကြားခဲ့သည်။

 

ထို့နောက် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက အဖွင့် အမှာစကားပြောကြားခဲ့သည်။

 

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် (ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)) ဒေါက်တာစောစောက သင်တန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ) ရှိ စာကြည့် တိုက်သို့ သွားရောက်ကြည့်ရှုခဲ့သည်။

 

ထို့နောက် ယနေ့၊ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယခု ဘဏ္ဍာနှစ်၌ စတင်တည်ဆောက်မှုမည့် သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာန အဆင့်မြင့်နှစ်ထပ်အဆောက်အဦသစ်ကြီး တည်ဆောက်ရေး မြေနေရာသို့ သွားရောက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့သည်။

 

ထိုသို့သွားရောက်ရာတွင် အဆောက်အဦသစ်ကြီးတည်ဆောက်ရန် မြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။

Credit#ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန