မန္တလေး ၂၁ ဇွန်
မန္တလေးတိုင်းဒေသကြီး၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း လျာထားချက်သည် ၂၁ ရွာနှင့် ရေလမ်းကောင်းမွန် ရေးလုပ်ငန်း ၄ ခု လျာထားကြောင်းနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၂၁ ခုအတွက် ဘတ်ဂျက်အနေဖြင့် ၅ ဘီလီယံ လျာထားကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
"ဒီနှစ်ထဲမှာ ဧရာဝတီမြစ် ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်း ၄ ခု ဆောင်ရွက်နေပြီး တိုင်းဒေသကြီးအတွင်း ကမ်းပြို ကာကွယ်ရေးလုပ်ငန်း အခု ၂၀ ဆောင်ရွက်နေပါတယ်။ လုပ်ငန်းတွေကို တင်ဒါစနစ်နဲ့ ကုမ္ပဏီတွေကိုပေးပြီး ဌာနကနေကြီးကြပ်ပြီး ဆောင်ရွက်နေတာပါ။ လက်ရှိအခြေအနေမှာ လုပ်ငန်းအားလုံးနီးပါး ပြီးစီးနေပါပြီ။ လုပ်ငန်း ၂ ခုလောက်ပဲ အပြီးသတ်ဖို့ ကျန်ပါတယ်" ဟု မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်မြင့်သန်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေးအနေဖြင့် ဧရာဝတီမြစ်အတွင်း သပိတ်ကျင်းမြို့နယ်မှ ညောင်ဦးမြို့နယ်အထိ လည်းကောင်း၊ ရေလမ်းကောင်းမွန်ရေးလုပ်ငန်း အနေဖြင့် ဧရာဝတီရေလမ်း ကောင်းမွန်ရေး လုပ်ငန်းတွင် ရွှေကူမြို့နှင့် ကသာမြို့ကြားမှ ညောင်ဦးမြို့အောက်ဘက် ချောင်းဦးမြို့နယ်အနီးရှိ စဉ့်ကူးချောင်းအထိ ရေလမ်းကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"ကမ်းပြိုကာကွယ်ရေးလုပ်ငန်းပဲဖြစ်ဖြစ်၊ ရေလမ်းထိန်းသိမ်းရေးလုပ်ငန်းပဲဖြစ်ဖြစ် မြစ်ရေစပြီး ကျတဲ့အချိန်နဲ့ မြစ်ရေ ပြန်မတက်ခင်အချိန်ထိ ရေအနည်းဆုံးအချိန်မှာ ဆောင်ရွက်ရတာ အထိရောက်ဆုံးပါပဲ။ အထူးသဖြင့်တော့ မြစ်ကြမ်းပြင်တွေကို အခြေတည်ပြီးပြုပြင်တဲ့စနစ်ဆိုတော့ ရေအနည်းဆုံးအချိန်က ပြုပြင်ဖို့အဆင်ပြေဆုံးပါ။ ဌာနအနေနဲ့ ရှေ့ဆက်ဆောင်ရွက်သွားမယ်ဆိုရင် ဒီလုပ်ငန်းတွေကို နိုင်ငံတကာမှာရှိတဲ့ အဆင့်မြင့်နည်းပညာတွေ၊ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်မြင့်တင်မှုတွေကို လုပ်ပေးနေတော့ သူတို့တွေရဲ့အားတွေနဲ့ လုပ်ရတော့ နည်းပညာမြင့်တဲ့ ရေလမ်းကောင်းမွန်ရေးလုပ်ငန်းတွေ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွေကို ဆက်ပြီး ဆောင်ရွက်သွားမှာပါ" ဟု ၎င်းဆက်လက်ပြောသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ယခုဘဏ္ဍာနှစ်ထိ ၄ နှစ်တာကာလအတွင်း ဧရာဝတီမြစ်၊ ဒုဌဝတီမြစ်နှင့် အခြားမြစ်ချောင်းများတွင် ကမ်းပြိုကာကွယ်ရေးအတွက် လုပ်ငန်းပေါင်း ၈၂ ခုဆောင်ရွက်ခဲ့ပြီး နည်းပညာအနေဖြင့် ခေတ်နှင့် လျော်ညီစေရန် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာသော နည်းပညာများကို ပြောင်းလဲအသုံးပြုလျက်ရှိရာ မျှော၊ ဝါးနှင့် ထရံစနစ်များမှ Steel Basket၊ Boredpile များ၊ ယခုတွင် နောက်ဆုံးနည်းပညာအနေဖြင့် Concretre Geogo–former များ အသုံးပြုလာကြောင်း သိရသည်။
"ငယ်ငယ်ကတည်းက ဖြစ်သင့်တဲ့ ကမ်းထိန်းနံရံကြီးပါ။ အခုကမ်းပါးဆောက်နေတဲ့နေရာက အရင်ကဆို ရွာလယ် လမ်းမကြီးပါ။ ရွာလယ်လမ်းမကြီးရဲ့ တောင်ဘက်မှာဆို ပေ ၂၀၀ ကျော်လောက် မြစ်ရေတိုက်စားကြောင့် အကုန်ပဲ့သွားတယ်။အခုလို ကမ်းထိန်းနံရံကြီး တည်ဆောက်ပေးတဲ့အတွက် အလွန်ကျေးဇူးတင် ဝမ်းမြောက်မိ ပါတယ်”ဟု အမရပူရမြို့နယ် ကမ္ဘဲ့ကျေးရွာအုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ပြောသည်။
ယခုနှစ်တွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ဖေဖော်ဝါရီလလယ်မှ စတင်ဆောင်ရွက်ခဲ့ရာ ပုံမှန်အားဖြင့် မေလတွင် ပြီးစီးမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ငန်းများ ခေတ္တရပ်နားလိုက်ရသည့်အတွက် အချိန်ကြန့်ကြာမှုများရှိခဲ့ပြီး ယခုအခါလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လျက်ရှိရာ လုပ်ငန်း ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကာ မကြာမီကာလအတွင်း အပြီးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်(ပြန်/ဆက်)


