၂၂ ဇွန်
ယခုအခါ ဝါဆိုလဝင်ရောက်ပြီး လဆန်း ၃ ရက်သို့ ရောက်ရှိပြီဖြစ်သည်။ ဝါဆိုလကို ရှေးစာဆိုတို့က ရာသီခွင်နက္ခတ်နှင့် ပန်းမာလာပါမကျန် စာပန်းချီ ရေးဖွဲ့ဆိုခဲ့ကြသည်။ " ရေလျှံတဲ့ဝါဆိုမှာ၊ ပုန်းညက်ညိုမာလာမင်း ရယ်က၊ သင်းလှတယ်လေး" ဟု မဟာအတုလမင်းကြီးက ဝါဆိုလလွမ်းချင်း ကို ဖွဲ့ဆိုထားသည်။ သင်းပျံ့လွမ်းမောဖွယ်ထုံသင်းသည့် ဝါဆိုလသည် မိုးရာသီအစဖြစ်၍ အရပ်လေးမျက်နှာနှင့် ထက်ကောင်းကင် အာကာတစ်ခွင်၌ မိုးသားတိမ်ခဲတို့ဖုံးကာ ညိုမှိုင်းလျက်ရှိသည်။
ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဟု ဆိုရိုးစကားအတိုင်း အားခဲကာ ရွာသွန်းသည့်မိုးသည်နိုင်ငံတစ်ဝန်းတွင် ဖြိုင်ဖြိုင်ကျသဖြင့် စိုက်ရေး၊ပျိုးရေး၊ မွေးမြူရေးတို့သာမက သဘာဝဘေးတို့အတွက်ပါ အားရှိသမျှကြိုးစား အားထုတ်၊ လုံ့လစိုက်ထုတ်ရမည့် အချိန်အခါသမယ ဖြစ်သည်။ "ဝါဆို"၏ အဓိပ္ပာယ်မှာ ဘာသာရေးနှင့် ဆက်စပ်သည်။ "ဝါ" သည် ပါဠိပုဒ်ဖြစ်၍ အနက်အမျိုးမျိုးရှိရာ၌ "စွန့်ခြင်း" အဓိပ္ပာယ်ကိုယူသည်။ "ဆို" ဟူသော ဝေါဟာရမှာ ကြိုဆိုခြင်း၊ စောင့်ဆိုင်းခြင်း အဓိပ္ပာယ်ရသည်။ ။
ထို့ကြောင့် "ဝါဆို"၏အဓိပ္ပာယ်အချုပ်မှာ ရှင်တော်ဗုဒ္ဓ မိန့်မှာတော်မူ သည့်အတိုင်း ဝါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့တိုင်အောင် ဝါတွင်းသုံးလပတ်လုံး ရဟန်းတော်များ ဒေသစာရီကြွတော်မမူဘဲ မိမိတို့ ကျောင်းတိုက်၌ပင် စောင့်သုံးနေတော်မူခြင်း ဖြစ်သည်။ ပြည်သူအပေါင်း တို့မှာမူ ဝါဆိုရဟန်းတော်များကို ရည်မှန်း၍ ကောင်းမှုကုသိုလ်များ ပွားများအားထုတ်ကြခြင်းနှင့်အတူ ဝါဆိုလ၏မိုးရာသီအစမှစ၍ ဆောင်ရွက်ဖွယ်ရာ ကိစ္စအဝဝတို့ကို မလျှော့သောဇွဲလုံ့လဖြင့် အားရှိသမျှ ကြိုးစားအားထုတ် ကြဖို့ဖြစ်သည်။
မိုးရာသီ ဝါဆိုလတွင် လုံ့လစိုက်ထုတ် ကြိုးစားလုပ်ကိုင်ကြသည် ဆိုရာ၌ လယ်ယာစိုက်ပျိုးရေး စိုက်ကြ၊ ပျိုးကြသူ တောင်သူလယ်သမား ပြည်သူများ၏အရေးမှာ အဓိကဖြစ်၍ လယ်ယာအထွက်တိုးရေး၊ သစ်သီးဝလံ ပန်းမန်စိုက်ပျိုးရေး၊ သစ်ပင်ပျိုးပင်များ ပျိုးထောင်စိုက်ပျိုးရေးတို့ကို အထူးအလေးထားပြုလုပ်ကြခြင်း ဖြစ်သည်။ သစ်ပင်ပန်းမန်ရှင်သန်ပါမှ ပတ်ဝန်းကျင်လှပ ဥတုရာသီသဘာဝ ကောင်းမွန်လာမည်ဖြစ်၍ သစ်ပင်၊ ပန်းပင်မျိုးစေ့ချရေး၊ စိုက်ပျိုးရေးတို့ကို နိုင်ငံတစ်ဝန်း အားသွန်ခွန်စိုက် ပြုလုပ်ကြဖို့လိုမည်ဖြစ်သည်။
တောင်သူလယ်သမား ပြည်သူများအနေဖြင့် အစိုးရ၏ကူညီပံ့ပိုး ထောက်ပံ့အားပေးမှုကိုရယူ၍ တက်ညီလက်ညီ လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍ၌ တောင်သူလယ်သမားများအား မိုးရာသီ စိုက်ပျိုးစရိတ်များ နှစ်စဉ်ထုတ်ချေးလျက်ရှိရာ ယခုနှစ် မေလ ၁၅ ရက်နေ့မှစတင်၍ စိုက်ပျိုးစရိတ်ချေးငွေကို ထုတ်ချေးနေသည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍတွင် အထိုက် အလျောက် ထိခိုက်မှုရှိခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ရရှိခဲ့ကြသော တောင်သူလယ်သမားများအား ကိုဗစ်-၁၉ အထူးချေးငွေအဖြစ် တစ်ဧကလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် ထပ်ဆောင်းပံ့ပိုးထုတ်ချေး ပေးတော့မည်ဖြစ်သည်။
ယခုနှစ် မိုးဦးရာသီဝါဆိုကာလရာသီသဘာဝအနေအထားများအရ သဘာဝဘေးဒဏ်လည်း အထိုက်အလျောက် ကင်းဝေးနေဆဲဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးရေကိုလုံလောက်စွာရရှိနေပြီဖြစ်၍ နိုင်ငံတော်၏ ပံ့ပိုးကူညီထောက်ပံ့ပေးမှုများကို ရယူကာ သီးနှံအထွက်တိုးရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ပြည်ပပို့ကုန်တိုးတက် ထုတ်လုပ်နိုင်ရေး အားသွန်ခွန်စိုက် လုံ့လစိုက်ထုတ် ကြိုးစားလုပ်ကိုင်ကြရမည်ဖြစ်သည်။ သို့သော် မိုးရာသီ ကာလဖြစ်၍ ခန့်မှန်းရခက်ခဲသောသဘာဝဘေးတို့ကို လည်း ကြိုတင်သတိပြုရမည်ဖြစ်သည်။
မိုးဦးကာလတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ ရေကြီးရေလျှံ ဖြစ်ခြင်းတို့ကို အထူးဂရုစိုက်ရမည်ဖြစ်သည်။ နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပသို့တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့တွင် ငါးမွေးမြူရေးကန်များ မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြစ်ချောင်းများရေလျှံပါက ငါးပုစွန်ကန်များ မပျက်စီးစေရေး၊ စပါးသီးနှံ စိုက်ပျိုးထားသောကွင်းများ ရေမဝင်စေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ယခုအခါ ဝါဆိုဝါခေါင် ရေဖောင်ဖောင်ကာလသို့ ရောက်ရှိ လာတော့မည်ဖြစ်သည်။ ဝါဆိုမိုးဦး ရာသီကာလတွင် ဖြစ်ထွန်းလာသော အခြေအနေကောင်းများကို တောင်သူလယ်သမား ပြည်သူများအနေဖြင့် ထိထိရောက်ရောက်အသုံးချပြီး နိုင်ငံတော်အကျိုးစီးပွား၊ မိမိတို့၏လူမှု စီးပွားများ အကျိုးရှိစေရေးနှင့် ထိခိုက်မှုမရှိစေရေးအတွက် စွမ်းအားရှိသမျှ လုံ့လဝီရိယစိုက်ထုတ်ကာ မဆုတ်မနစ် ကြိုးပမ်းအားထုတ်လုပ်ကိုင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ကြေးမုံ