ရန်ကုန်   ၂၂   ဇွန်

တိကျမှန်ကန်မှုမရှိသော ကိုယ်ရေးအချက်အလက်များနှင့်ခိုင်လုံသော သက်သေအထောက်အထားများ မပါရှိဘဲ ကြိုတင်မှတ်ပုံတင်ထားပြီး ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် MPT ၏ ဆင်းကတ်များမှာ လက်ရှိအချိန်တွင် အထွက်ခေါ်ဆိုမှု ပိတ်ထားခြင်းခံရသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ပြီး ဆင်းကတ် မှတ်ပုံတင်ရန် သတ်မှတ်ထားသော နောက်ဆုံးရက်ဖြစ်သည့် ဇွန် ၃၀ ရက်နောက်ပိုင်းတွင် အဆိုပါ ဆင်းကတ်များကို ဖျက်သိမ်းသွားရမည်ဖြစ်၍ အသုံးပြုသူများအနေဖြင့် ဝယ်ယူသုံးစွဲခြင်းမပြုကြရန် MPT ကဇွန် ၁၈ ရက်တွင် အသိပေးကြေညာခဲ့သည်။

သုံးစွဲသူများအား ပြည့်စုံမှန်ကန်သော အချက်အလက်များဖြင့် ဆင်းကတ်မှတ်ပုံတင်နိုင်ရန် ကူညီပေးခြင်း၊ ဝန်ဆောင်မှုပေးခြင်းမရှိသော ရောင်းချသူများနှင့် ဆိုင်များထံမှ ဆင်းကတ်များကို ဝယ်ယူခြင်းမပြုကြရန်နှင့် လက်ရှိ MPT သုံးစွဲနေသူများအနေဖြင့်လည်း မိမိတို့၏ ဆင်းကတ်များကို ဆုံးရှုံးမှုမရှိ စေရန်အတွက် ဆင်းကတ်မှတ်ပုံတင်ခြင်းကို မပျက်မကွက် လုပ်ဆောင်ကြရန် MPT က တိုက်တွန်းထားသည်။

"ဆင်းကတ်မှတ်ပုံတင်ခြင်းက ဥပဒေအရ လိုအပ်တဲ့ကိစ္စတစ်ခုဖြစ်ပြီး မသမာမှုတွေနဲ့ အလွဲသုံးစားလုပ်တာတွေကို ရှောင်ရှားနိုင်ဖို့ အဓိက အရေးကြီးတယ်ဆိုတာကို ကျွန်တော့်အနေနဲ့ ထပ်မံပြောလိုပါတယ်။ တစ်ဆက်တည်းမှာပဲ MPT အနေနဲ့ 'မှန်ကန်ကြောင်း အတည်ပြုပြီးမှသာ သုံးစွဲနိုင်မည့် အနေအထားသို့ ရောက်ရှိနိုင်သည့်စနစ်ကို ဆောင်ရွက်ထားပြီးဖြစ်တဲ့အားလျော်စွာ သုံးစွဲသူတွေ အနေနဲ့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ နည်းလမ်း အမျိုးမျိုးကို အသုံးပြုပြီး ဆင်းကတ်မှတ်ပုံတင်ကြဖို့ကိုလည်း တိုက်တွန်းလုပ်ဆောင်နေပါတယ်။ အရေးအကြီးဆုံး အချက်ကတော့ သုံးစွဲသူတွေအနေနဲ့ ဆင်းကတ်တွေ ဝယ်ယူအသုံးပြု တဲ့အခါမှာ MPT က တရားဝင် ရောင်းချခွင့်ပြုထားတဲ့ အရောင်းဆိုင်တွေကနေပဲ ဝယ်ယူအသုံးပြုကြဖို့ သတိပေးပြောကြားလိုပါတယ်"ဟု MPT မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းဖြစ်သည့် လူတစ်ဦးလျှင် ဆင်းကတ် နှစ်ကတ်ကိုသာ အမည်မှန်၊ အချက်အလက် အမှန်များဖြင့် ဇွန်လကုန် နောက်ဆုံးထား၍ မှတ်ပုံတင်ပြီး အသုံးပြုကြရန် သတ်မှတ်ထားချက်အရ တယ်လီကွန်း အော်ပရေတာများအနေဖြင့် ၎င်းတို့၏ တရားဝင် အရောင်းဆိုင်များတွင်သာ ဆင်းကတ်အသစ်များ ရောင်းချခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ MPT အနေဖြင့်လည်း တရားဝင်မဟုတ်သော ဆိုင်များမှတစ်ဆင့် ပြည်သူများထံသို့ မှတ်ပုံတင်ထားခြင်းမရှိသော ဆင်းကတ်များ ရောင်းချခြင်းမရှိအောင် ဆောင်ရွက်နေပြီဖြစ်ကြောင်း MPT က ကြေညာထားသည်။

ထို့အပြင် MPT ၏ အရောင်းကိုယ်စားလှယ်များအနေဖြင့် မည်သည့်အခြေအနေတွင်မဆို ဆင်းကတ်များကို မှတ်ပုံတင်ခြင်းမပြုဘဲ ရောင်းချခြင်းမပြုရန် ကန့်သတ်ထားသလို ကြိုတင်မှတ်ပုံတင်ထားသော ဆင်းကတ်များကို သုံးစွဲသူများထံသို့ မည်သည့်နည်းဖြင့် ရောင်းချခြင်းကိုမဆို တားမြစ်ကန့်သတ်ထား ကြောင်းလည်း MPT က ကြေညာထားသည်။

MPT အသုံးပြုသူများအနေဖြင့် ဆင်းကတ်များကို မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုသည့် အချက်များကို Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက် www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာ www.facebook.com/ mptofficialpage တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

မိုဘိုင်းဖုန်းများကို အသုံးပြုနေသူများအနေဖြင့် ဆင်းကတ်များကို မိမိတို့၏ တရားဝင်အမည်နှင့် မှန်ကန်သော နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်တို့ဖြင့် အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်သုံးစွဲခြင်းဖြင့် မိုဘိုင်းငွေကြေး ဝန်ဆောင်မှုများကို သုံးစွဲရာတွင် မသမာမှုကျူးလွန်သူများ၏ရန်မှ ရှောင်ရှားနိုင်မည်ဖြစ်ကာ ဆင်းကတ် မှတ်ပုံတင်ခြင်းသည် အမှန်တကယ်သုံးစွဲနေသူတို့အား အလွဲသုံးစား ပြုလုပ်ခြင်းနှင့် အသုံးချခံရခြင်းတို့မှ ကာကွယ်နိုင်ရန် အထောက်အပံ့ဖြစ်စေနိုင် မည်လည်းဖြစ်သည်။

သူရဖြိုး