ရန်ကုန်   ၂၂   ဇွန်

မြန်မာအမျိုးသားလေကြောင်း(MNA)က ဟောင်ကောင်မြို့ မြန်မာကောင်စစ် ဝန်ချုပ်ရုံးနှင့် ညှိနှိုင်း၍ ပထမဆုံး အကြိမ် ရန်ကုန်-ဟောင်ကောင်-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်အား ဇွန် ၂၉ ရက်တွင် ပျံသန်းပြေးဆွဲသွား မည်ဖြစ်ကြောင်း သိရသည်။

ဆောင်ရွက်

“အဓိကကတော့ မကာအိုနဲ့ ဟောင်ကောင်မှာရှိနေကြတဲ့ မြန်မာနိုင်ငံသား ခရီးသည်တွေပြန်ခေါ်ဖို့ပါ။ ဟောင်ကောင်ရှိ မြန်မာသံရုံးဘက်ကလည်း ဆောင်ရွက်နေသလို ရန်ကုန် မှာရှိနေတဲ့ ဟောင်ကောင်ကလူတွေကို ပြန်ခေါ်ဖို့လုပ်နေပါတယ်။ မကာအိုရှိ မြန်မာနိုင်ငံသား ခရီးသည်တွေကလည်း ဟောင်ကောင်ကို သင်္ဘောနဲ့ လာကြလိမ့်မယ်။ ဟောင်ကောင်ကနေ ရန်ကုန်ကို ကျွန်တော်တို့ ကယ်ဆယ်ရေးလေယာဉ်နဲ့ ခရီးသည်တွေကို ပြန်ခေါ်လာမှာပါ”ဟု မြန်မာအမျိုးသားလေကြောင်း စီးပွားရေး ဌာနမှူး ဦးနိုင်စောလွင်က ပြောသည်။

ဇွန် ၂၉ ရက်တွင် ပျံသန်းပြေးဆွဲ မည့် လေယာဉ်ခရီးစဉ်အရ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက် ၇ နာရီ ၂၅ မိနစ်တွင် စတင်ထွက်ခွာမည့် ရန်ကုန်-ဟောင်ကောင်-ရန်ကုန် UB 8029 လေယာဉ်မှာ ဟောင်ကောင်မြို့သို့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ပြီး ဟောင်ကောင်မှဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် ပြန်လည်ထွက်ခွာလာမည့် UB 8030 လေယာဉ်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်သည်။

ရန်ကုန်-ဟောင်ကောင်-ရန်ကုန် ပျံသန်းပြေးဆွဲသည့် လေယာဉ်အား ယခင်က တစ်ပတ်လေးကြိမ်ပျံသန်းပြေးဆွဲ ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် လေယာဉ်ပျံသန်းပြေးဆွဲခြင်းကို ဖေဖော်ဝါရီ ၂၉ ရက်ကစတင်ကာ မြန်မာအမျိုးသားလေကြောင်းမှ ရပ်နားခဲ့ရကြောင်းလည်း သိရသည်။

ယခုအခါ မြန်မာအမျိုးသားလေကြောင်းအနေဖြင့် ကယ်ဆယ်ရေးလေယာဉ်များကို ပျံသန်းပြေးဆွဲပေးနေရာ ယနေ့အထိ စုစုပေါင်း ၁၄ ကြိမ် ပျံသန်းပြေးဆွဲပေးနိုင်ခဲ့ကြောင်း မြန်မာအမျိုးသားလေကြောင်းမှ သိရသည်။

ပွင့်သစ္စာ