ပုသိမ်   ၂၂  ဇွန်

ပုသိမ်တံတားအမှတ်(၂) သည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့် ငဝန်မြစ် အနောက်ဘက်ကမ်းရှိ လူနေရပ်ကွက်များသို့ တိုက်ရိုက်ဆက်သွယ်ထားသော ပေ ၂၃၈၀ ရှိ တံတားတစ်စင်း ဖြစ်သည်။ တံတား ဦးစီးဌာန တံတားအထူးအဖွဲ့ (၁၆)က တာဝန်ယူ တည်ဆောက်လျက်ရှိရာ တံတားတစ်စင်းလုံး တည်ဆောက်မှု လုပ်ငန်း ၉၃ ရာခိုင်နှုန်း ပြီးစီးပြီဟု သိရသည်။

အဆိုပါတံတားကြီးမှာ ပင်မတံတားအရှည် မီတာ ၃၃၀ (၁၀၈၂ ပေ ၆ လက်မ) ရှိပြီး ယာဉ်သွားလမ်း အကျယ် ၂၈ ပေ၊ လူသွားလမ်း အကျယ်တစ်ဖက်လျှင် ငါးပေနှင့် တံတားအမျိုးအစားမှာ တံတား အောက်ခံအုတ်မြစ် ဘိုးပိုင်၊ တံတား ကိုယ်ထည်မှာ အာရ်စီကွန်ကရစ်၊ တံတားအပေါ်ထည်မှာ သံမဏိ၊ သံပေါင်ခုံးတံတားဖြစ်သည်။ တံတား အောက် ရေလမ်းကင်းလွတ်အမြင့် ပေ ၆၀၊ အကျယ် ၄၁၆ ပေဖြစ်ကာ စီမံကိန်းတန်ဖိုးငွေကျပ် သန်း ၂၇၅၀၀ ရှိပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီး ချင်း ခွင့်ပြုတန်ချိန် ၇၅ တန်ဖြစ်သည်။

တံတားကြီးကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစတင်၍ တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၁၆) မှ အင်ဂျင်နီယာမှူးကြီး ဒေါ်သစ်သစ်အောင်နှင့် အဖွဲ့က တာဝန်ယူ တည်ဆောက်နေခြင်းဖြစ် ပြီး ယခုနှစ် စက်တင်ဘာ ၃၀ ရက် တွင် အပြီးတည်ဆောက်သွားမည်ဖြစ် ကြောင်း၊ အဆင့်မြှင့်တင်လိုက်သော ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းမကြီး နှင့်အတူ ဖွင့်လှစ်သွားရန် ကြိုးစားနေ ကြောင်းလည်း သိရသည်။

ပုသိမ်အမှတ် (၂) တံတားကြီး တည်ဆောက်ရခြင်းမှာ မူလရှိပြီး ပုသိမ်ကြိုးတံတား၏ ခံနိုင်ဝန်အား လျော့နည်းလာမှု၊ ဧရာဝတီတိုင်း ဒေသကြီး မြို့တော်ပုသိမ်မြို့၏ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာသည်နှင့်အမျှ ငဝန်မြစ် အနောက်ဘက်ခြမ်းတွင် မြို့ပြအိမ်ရာများတိုးချဲ့လာမှု၊ ချောင်းသာနှင့်ငွေဆောင် အပါအဝင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် ကမ်းခြေပတ်လမ်းများကို ချိတ်ဆက်သွားလာနိုင်ရန် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရမ်းစိုးမြင့်