စစ်ကိုင်း ၂၂ ဇွန်

 

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသော စစ်ကိုင်းမြို့နယ် ကြက်ခြေနီအသင်းခွဲသို့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာများကို ဇွန် ၂၂ ရက် နံနက် ၈ နာရီက မင်းလပ်းရပ်ကွက်ရှိ ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဋ္ဌ နေအိမ်တွင် စုပေါင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဂုဏ်ပြုမှတ်တမ်းလွှာ စုပေါင်းပေးအပ်ပွဲတွင် စစ်ကိုင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးစိုးမြင့်အောင်က ဂုဏ်ပြုစကားပြေကြားပြီး အသင်းဒုတိယဥက္ကဋ္ဌ ဒေါ်သီတာခိုင်က တပ်ဖွဲ့ဝင်များ အနေဖြင့် ကိုဗစ်-၁၉ ကာလတွင် စေတနာ့ဝန်ထမ်းအဖြစ် တက်ကြွစွာ ပါဝင်ဆောင်ရွက် ခဲ့ကြသည့် အတွက် ဂုဏ်ယူမိပါကြောင်း၊ ရှေ့ဆက်လက်ပြီး မိမိတို့အသင်း လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်း စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားကြ စေလိုကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲ တာဝန်ရှိသူများက အသင်းတပ်ဖွဲ့ဝင်များထံ ဂုဏ်ပြု မှတ်တမ်းလွှာများကို လက်ဝယ်အရောက် စုပေါင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ဇော်မြင့်နိုင် (ခရိုင် ပြန်/ဆက်)