ပဲခူး ၂၂ ဇွန်

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဇွန် ၂၂ ရက် နံနက် ၉ နာရီခွဲက ရေနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါး စိုက်ဧက (၇၅၇) ဧကအတွက် ပြန်လည်စိုက်ပျိုးစရိတ် ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်နှင့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဦးတို့မှ ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ဝန်ကြီးမှ တောင်သူများထံ ထောက်ပံ့ငွေများပေးအပ်ပြီး ဒေသခံတောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ချောင်းမှ ၂၀၁၉ ခုနှစ်တွင် ရေမြင့်တက်မှုကြောင့် ဇရပ်လှ၊ တယ်ပင်ကန်၊ စပါယ်မြှောင် စသည့်ကျေးရွာအုပ်စုများရှိ တောင်သူပေါင်း (၃၈၁) ဦး၏ ရေနှစ်မြုပ်ပျက်စီးသည့် ဧက (၇၅၇) ဧကအတွက် ထောက်ပံ့ငွေကျပ် (၇ ဒသမ ၅၇)ကျပ်သန်းအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခံခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)