ဟားခါး ၂၂ ဇွန်
ချင်းပြည်နယ် Coronavirus Disease – 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ် COVID-19 ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီနှင့်ပူးပေါင်း၍ ဟားခါးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသော ကျန်းမာရေးလမ်းညွှန်ချက်များ အပါအဝင် အသိပညာပေးခြင်းကို ဇွန် ၂၁ ရက် နံနက် ၉ နာရီက ဟားခါးမြို့ အ.ထ.က(၁) ဗိုလ်တိုက်ချွန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဟားခါးမြို့နယ်အတွင်းရှိ ကျောင်းဆရာ၊ ဆရာမ (၅၀၃)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအသိပညာပေး ဆောင်ရွက်ရာတွင် ဟားခါးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဒေါ်ဌေးမွန်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသော ကျန်းမာရေးလမ်းညွှန်ချက်များ အပါအဝင် လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ကိုယ်အပူချိန် တိုင်းထွာခြင်းနှင့် ခြောက်ပေအကွာတွင်နေ၍ သင်ခန်းစာ သင်ကြားပို့ချခြင်း စသည့် COVID-19 ရောဂါနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်သင့်သည်များကို ပညာဟောပြောပေးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းဆရာ၊ ဆရာမများက သိရှိလိုသည်များ ပြန်လည်မေးမြန်းကြရာ မြို့နယ်ကျန်းမာရေးမှူး ဒေါ်ဌေးမွန်က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့် အခါတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်ကြေညာထားသော ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ သင်ကြားပို့ချ ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါအသိပညာပေး ဟောပြောပွဲတွင် ဟားခါးမြို့နယ် Grade-4 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း တက်ရောက်ခဲ့ကြသည့် ကိုယ်ပိုင်ကျောင်းများနှင့် အခြေခံပညာကျောင်းများပါအဝင် ကျောင်းပေါင်း (၉၅)ကျောင်းမှ ဆရာ၊ ဆရာမ စုစုပေါင်း (၅၀၃)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)


