ကျွန်းလှ ၂၂ ဇွန်

 

မိုးအစေ့ထုတ်ပြောင်း စိုက်ခင်းများအတွင်း ဖောငမြှောင်တောင်ပိုးကျရောက်မှု ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ထန်းပင်ကုန်း ကျေးရွာတွင် ပြုလုပ်ခဲ့သည်။

 

ထိုသို့ အသိပညာပေးရာတွင် ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောင်းစိုက် တောင်သူများနှင့် တွေ့ဆုံပြီး ဖောငမြှောင်တောင်ပိုး၏ ဘဝစက်ဝန်းအကြောင်း၊ ပိုးကျရောက်မှု ပေါ်မူတည်၍ အသုံးပြုသင့်သော ပိုးသတ်ဆေးများအကြောင်း၊ ဘက်စုံသီးနှံ ကာကွယ်ရေး စနစ်ဖြင့် ပိုးသတ်ဆေးအပြင် သဘာဝပိုးပြေးဆေး၊ ပိုးနှိမ်ဆေးများအသုံးပြုရေးနှင့် ပိုးသတ်ဆေး ကိုင်တွယ်သုံးစွဲနည်းများကို ရှင်းလင်းပြောကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့သည်။

 

mdn

 

ယခုအခါ ထန်းပင်ကုန်းကျေးရွာ ရေချိုတောင်အနီး တောင်သူ ၁၅ ဦး စိုက်ပျိုးထားသော မိုးအစေ့ ထုတ်ပြောင်း ၇၅ ဧကရှိပြီး ဖောငမြှောင်တောင်ပိုး ကြိုတင်ကာကွယ်ရန်အတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန တာဝန်ရှိသူများက အသိပညာပေး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

 

ကျွန်းလှမြို့နယ်တွင် မိုးရာသီ၌ အစေ့ထုတ်ပြောင်းကို အဓိကထားစိုက်ပျိုးကြရာ ယာမြေ ၄၈၃၉၄ ဧကရှိပြီး အစေ့ထုတ်ပြောင်း ၁၄၃၆၄ ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မျိုးဝင်းညို(ကျွန်းလှ)