ကျောက်တလုံးကြီး ၂၂ ဇွန်

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ပထမနိမ္မိတ သပိတ်မြတ်စေတီတော် အောင်ဇဗ္ဗူလောင်းဓမ္မာရုံတွင် ဖွင့်လှစ်လျက်ရှိသော နေရပ်ပြန်များ ပြန်လည်လက်ခံ ကြိုဆိုရေးစခန်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက  Facilities Quarantine ဝင်ရောက်သူများအား သုတ/ရသ/မဂ္ဂဇင်း စာအုပ်များကို အခမဲ့ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ Quarantine ဝင်ရောက်နေသူများအား စာအုပ်များ ငှားရမ်းပေးရခြင်းနှင့်ပတ်သက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြဝင်းက မြို့စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်နဲ့ Quarantine ဝင်ရောက်နေသူတွေ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ဖို့ အားလပ်ချိန်မှာ မိမိအတွက် အသစ်အသစ်သော ဗဟုသုတတွေရရှိနိုင်ဖို့ သုတ/ရသ စာအုပ်များအပြင် အပျော်ဖတ်ဝတ္ထုများ၊ မဂ္ဂဇင်းများကို လာရောက် ငှားရမ်းပေးရခြင်းဖြစ်ကြောင်း ပြောသည်။

 

Facilities Quarantine Centre တွင် တာဝန်ကျသူ ဦးခွန်သောင်းဖေကလည်း “ကျွန်တော်တို့ ဒီမှာ တာဝန်ကျတဲ့သူတွေအတွက် ယခုလိုစာအုပ်များ လာရောက်ငှားရမ်းပေးသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနဲ့ ဝန်ထမ်းများကို အထူးကျေးဇူးတင်ပါတယ်။ စာအုပ်က ကိုယ်မဖတ်ရ‌သေးတဲ့ စာအုပ်တွေဆို အသစ်တွေဘဲလေ။ စာကြည့်တိုက်ကို မသွားနိုင်တဲ့ ကျွန်တော်တို့အတွက်နဲ့ Quarantine ဝင်ရောက်သူတွေအတွက်လည်း မပျင်းရတော့ဘူးလေ။” ဟု ပြောသည်။

 

အဆိုပါ Facilities Quarantine Centre တွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ Quarantine ဝင်ရောက်သူ (၁၈) ဦးရှိပြီး စာအုပ်စာစောင်များကို တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် အသစ်လဲလှယ် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခွန်အာကာ(ကျောက်တလုံး)