ရွှေကူ ၂၂ ဇွန်
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် စည်ပင်သာယာရေးဈေးများတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ် ဆောင်ရွက်ရေးအတွက် ရွှေကူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၇ နာရီတွင် မြို့နယ်စည်ပင် သာယာရေး ဈေးများ၌ ကြည့်ရှုစစ်ဆေးခဲ့သည်။
မြို့နယ်စည်ပင် သာယာရေးဈေးများအား ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်−၁၉ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့် စည်ပင် သာယာရေးအဖွဲ့မှ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာ ဆောင်ရွက်စေပြီး ယနေ့မှစ၍ ဈေးဖွင့်ချိန်များအား နံနက် ၅ နာရီခွဲမှ ညနေ ၅ နာရီအထိ ဖွင့်လှစ် ရောင်းချခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေကူမြို့နယ် စည်ပင်သာယာရေးဈေးများ၏အဝင်တွင် ဈေးရောင်း၊ ဈေးဝယ်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှသာ ဈေးအတွင်းသို့ ဝင်ထွက်စေခြင်းများကို မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျော်မျိုးအောင်


