၂၂ ဇွန်
ထိုင်းအစိုးရက ၂၈ ရက်ဆက်တိုက် ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု မရှိကြောင်း ဇွန် ၂၂ ရက်က အတည်ပြုထုတ်ပြန်ခဲ့သည်။
ကိုဗစ်-၁၉ အခြေအနေ စီမံခန့်ခွဲရေးစင်တာ(CCSA) က ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ တဝီဆင်း ဗီဆာနူယိုတင် က ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူများမှာ ပြည်ပပြန်များသာ ဖြစ်သည်ဟု ဆိုသည်။
ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ သုံးဦးသည် အိန္ဒိယနိုင်ငံမှ ပြန်လာသော ထိုင်းနိုင်ငံသားများဖြစ်ပြီး အသွားအလာ ကန့်သတ်ထားစဉ်အတွင်း စမ်းသပ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံတွင် ဇန်နဝါရီလမှစတင်ကာ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၃၁၅၁ ဦး ရှိပြီး ၅၈ ဦး သေဆုံးခဲ့သည်။
ဇွန် ၂၂ ရက်နေ့တွင် ထပ်မံသေဆုံးသူမရှိဟု CCSA ကဖော်ပြထားသည်။
ဖျော်ဖြေတင်ဆက်မှုများ ပြန်လည်ဖွင့်လှစ်ရန် လုပ်ငန်းရှင်များ၏ တောင်းဆိုမှုကို တုန့်ပြန်သည့် အနေဖြင့် အရက်ဆိုင်များ၊ ဘားဆိုင်များ၊ ကာရာအိုကေဆိုင်များနှင့် အခြား ဖျော်ဖြေရေးပွဲများအား ကိုဗစ်-၁၉ ကန့်သတ်ချက်များ ဖြေလျှော့ပေးသည့် ပဉ္စမအဆင့်တွင် ပြန်လည်ဖွင့်လှစ်ခွင့် ပြုမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ကာလရှည်ကြာ ပိတ်ထားခဲ့သဖြင့် ငွေကြေးအခက်အခဲဖြစ်လာသော ဂီတသမားများနှင့် ဖျော်ဖြေရေးသမားများက ၎င်းတို့ကို အလုပ်ပြန်လည်လုပ်ခွင့်ပြုရန် အစိုးရအား ပြီးခဲ့သည့် ကြာသပတေးနေ့က တောင်းဆိုခဲ့သည်။
အာဏာပိုင်များက ကိုဗစ်-၁၉ ကူးစက်မှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေဆဲ ဖြစ်ပါက အရေးပေါ် အမိန့်သည် ဇွန်လကုန်အထိ ဆက်လက်တည်ရှိနိုင်ပြီး CCSA က သက်တမ်းတိုးမြှင့်နိုင်သည်ဟု တဝီဆင်း က ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
