ယင်းမာပင် ၂၂ ဇွန်
ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်ချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သာယာအေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက အဖွင့်အမှာစကား ပြောကြားရာတွင် ''ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည့် စေတနာ့ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှု၊ စေတနာထားမှုများကို ဂုဏ်ယူကြောင်း၊ ဆက်လက်ပြီးလည်း ပူပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုပါကြောင်း၊ အခုယင်းမာပင်မြို့နယ်မှာ စေတနာ့ဝန်ထမ်း ၂၅၆ ဦး ရှိပါကြောင်း၊ နိုင်ငံတော်အနေနဲ့ စေတနာ့ဝန်ထမ်း ၂၅၆ ဦး အတွက် နိုင်ငံတော်၏အတိုင်ပင်ခံကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ဂုဏ်ပြုမှတ်တမ်း၊ ရင်ထိုးတံဆိပ်များ ပေးအပ်သွားမှာ ဖြစ်ပါကြောင်း၊ ယခုလို ဂုဏ်ပြုမှတ်တမ်းပေးအပ်ရခြင်းမှာ နိုင်ငံတော်နှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂုလ်တို့မှ ကိုဗစ်-၁၉ကာလ အတွင်း ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများကို အသိအမှတ်ပြုသည့်အနေဖြင့် ပေးအပ်ခြင်း ဖြစ်ပါကြောင်း'' ပြောကြားပြီး မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းထက်မှလည်း တက်ရောက်လာသည့် ပရဟိတလူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ရင်ထိုးတံဆိပ်များကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်မေရီ၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းထက်၊ မြို့နယ်လ၀ကဦးစီးမှူး ဦးသန်းမျိုးနှင့် မြို့နယ်အခွန်ဦးစီးမှူး ဦးဉာဏ်လင်းမောင် တို့က ပေးအပ်ရာ သက်ဆိုင်ရာ ပရဟိတလူမှုရေးအသင်းအဖွဲ့များက လက်ခံရယူကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီ၊ မြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့မှ စေတနာ့ဝန်ထမ်းများ စုစုပေါင်း ၈၂ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


