မန္တလေး ၂၂ ဇွန်

 

 

မန္တလေးမြို့တွင် ပြည်သူများ အပန်းဖြေနိုင်ရန် ပန်းခြံများအား သာယာလှပ ကောင်းမွန်အောင် တိုးချဲ့ ဖော်ဆောင်လျက်ရှိပြီး မြေယာရှုခင်းများနှင့် လမ်းလယ်ကျွန်းများအား မျက်စိပသာဒဖြစ်စေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း လက်ရှိတွင်  ကျန်စစ်သား ပန်းခြံ၊ ပန်းရံတော်ပန်းခြံနှင့်သ င်္ဂဇာပန်းခြံ အစရှိသော ပန်းခြံ(၃) ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၆၀) ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဉယျာဉ်နှင့် ကစားကွင်းများဌာနမှ သိရသည်။

 

 

မန္တလေးမြို့တွင် ပန်းခြံ(၁၂) ခုဖော်ဆောင်ထားပြီး အဆိုပါ ပန်းခြံများမှာ ကန်တော်ကြီးလူထုအပန်းဖြေ ဉယျာဉ်၊ ချမ်းမြဝတီပန်းခြံ၊ မြနန္ဒာပန်းခြံ၊ ကမ်းနားလမ်းပန်းခြံ၊ မနော်ရမ္မံပန်းခြံ၊ မဟာအောင်မြေပန်းခြံ၊ ဗိုလ်ချုပ်ပန်းခြံ၊ ရှုခင်းသာပန်းခြံ၊ မန္တလာတံခွန်ပန်းခြံ၊ ကျန်စစ်သားပန်းခြံ၊ ပန်းရံတော်ပန်းခြံနှင့် သင်္ဂဇာပန်းခြံ တို့ဖြစ်ကြောင်း သိရသည်။

 

 

“မန္တလေးမြို့မှာရှိတဲ့ ပန်းခြံတွေကို သာယာလှပ ကောင်းမွန်အောင် တိုးချဲ့ဖော်ဆောင်လျက် ရှိတယ်၊ လက်ရှိမှာလည်း ပန်းခြံ(၃) ခုကို ၂၀၁၉ ခုနှစ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ (၅၀) ရာခိုင်နှုန်းကျော် (၆၀) ရာခိုင်နှုန်း နီးပါးပြီးစီးပြီဖြစ်တယ်၊ မန္တလေးမြို့မှာ ရှိတဲ့ပန်းခြံတွေ၊ မြေယာရှုခင်းတွေနဲ့ လမ်းလယ်ကျွန်းတွေကို တစ်နှစ်ထက်တစ်နှစ် သာယာလှပအောင် တိုးချဲ့ဖော်ဆောင်လျက် ရှိပါတယ်၊ လက်ရှိမှာ ပန်းခြံ(၁၂)ဖော်ဆောင်ထားပြီး ကိုဗစ်ကာလ ဖြစ်နေတဲ့အတွက် ပန်းခြံတွေကို ယာယီပိတ်ထားပါတယ်၊ ဒါအပြင့် ကျုံးပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပဖို့လည်း စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိပါတယ်” ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးစောဟန် က ပြာကြားသည်။

 

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှ စပြီး ပန်းခြံသုံးခု တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ  လက်ရှိတွင် (၆၀) ရာခိုင်နှုန်းနီးပါးပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါပန်းခြံများသည် ပြည်ကြီးတံခွန်မြို့နယ်၊ (၆၂) လမ်းရှိ ကျန်စစ်သားပန်းခြံ၊ ၆၈ လမ်းရှိ ပန်းရံတော်ပန်းခြံ နှင့်မဟာအောင်မြေမြို့နယ်ရှိ သင်္ဂဇာပန်းခြံတို့ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 

 

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဉယျာဉ်နှင့်ကစားကွင်းများဌာန အနေဖြင့် ပြည်သူများ အပန်းဖြေနိုင်ရန် ပန်းခြံများ တိုးချဲ့ဖော်ဆောင်ခြင်း၊ မြို့တော်အတွင်း စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးဉယျာဉ်(၁၁)ခုတွင် ပျိုးပင်များပျိုးထောင်၍ စိုက်ပျိုးခြင်း၊ အားကစားကွင်းများ ဖော်ဆောင်ခြင်းနှင့် လိုအပ်သော နေရာများတွင် အကြောဖြေ ကိရိယာများ တပ်ဆင်ပေးခြင်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

သန်းဇော်မင်း(ပြန်/ဆက်)