ပဲခူး  ၂၂   ဇွန်

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရေနီစက္ကူစက်ဧရိယာအတွင်း မူလစက္ကူ ထုတ်လုပ်သည့် လုပ်ငန်းအပြင် CMP လုပ်ငန်းစက်ရုံ စုစုပေါင်း (၉)ရုံထိတည် ဆောက်သွားမည် ဖြစ်ပြီး Bago Young Clothing ကုမ္ပဏီ နှင့် Myanmar Sumes WINWIN အထည်ချုပ်ကုမ္ပဏီတို့ လည်ပတ်နေကြောင်း၊ ဆောက်လုပ်ပြီး စက်ရုံအချို့မှာလည်း ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း၊ ရေနီအထည်ချုပ် စက်ရုံများကို ဦးစီးလုပ်ကိုင်နေသော လက်ဝါးကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာခင်မောင်အေးက ပြောကြားသည်။

 

“ရေနီစက္ကူစက်ကို ကျွန်တော်တို့က ၂၀၁၃ ခုနှစ် အောက်တိုဘာလကစတင်ပြီးမှ တင်ဒါစနစ်နဲ့ ငှားရမ်းလုပ် ငန်းလုပ်ကိုင်ခွင့်ရခဲ့ပါတယ်၊စက္ကူစက်ရုံကို နှစ်ကြိမ် လည်ပတ်ခဲ့တယ်။ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် အထည်ချုပ်လုပ်ငန်းတွေကို ရေနီမှာ ၂ဝ၁၄ ခုနှစ်က စတင်ပြီး စက္ကူစက်ရဲ့ ဂိုထောင်တစ်ခုမှာ အသုံးပြု စမ်းသပ်ခဲ့ပါတယ်။အောင်မြင်ခဲ့တဲ့အတွက် အထည်ချုပ်လုပ်ငန်းတွေကို တိုးချဲ့ပြီးတော့ လုပ်ကိုင်ခဲ့ပါတယ်၊၂၀၁၉ ခုနှစ်မှာ ဝန်ထမ်း (၂၄၀၀ )ဦး ကျော်ရှိတဲ့ အထည်ချုပ် စက်ရုံ ၂ ရုံကို နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုကို လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဝန်ထမ်း (၃၆၀၀ )ဦးကျော်နဲ့လုပ်ကိုင်နေပါတယ်။ အခုဆိုရင် မူလ စက္ကူထုတ်လုပ်ငန်းအတွက်လည်း စက်စွမ်းအားတွေကို ပြန်လည်ပြင်ဆင်မှုတွေလုပ်ပြီး မကြာခင် ထုတ်လုပ်နိုင်အောင် လုပ်ဆောင်နေပါတယ်”ဟု ၄င်းက ထပ်မံပြောကြားသည်။

 

ရေနီစက္ကူစက် မြေနေရာကိုတင်ဒါဝင်ပြိုင်စဉ်ကပင် မြေလွတ်နေရာများတွင် အထည်ချုပ်အပါ အဝင် စက်မှုလုပ် ငန်းများကိုလုပ်ဆောင်သွားမည့်အကြောင်း အဆိုပြုလွှာတင်ကာ လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း ဒေါက်တာခင်မောင်အေးက ဆက်လက်ရှင်း‌ ပြောကြားသည်။

 

အဆိုပါ ရေနီစက္ကူစက်ဧရိယာသည် မြေဧက (၂ဝဝဝ) ကျော် ရှိပါကြောင်း၊တင်ဒါခေါ်ဆိုသည့်အခါ အထည်ချုပ်နဲ့ စက်မှု လုပ်ငန်းများကို လုပ်ဆောင်ရ မည်ဖြစ်ကြောင်း ၊proposal စတင်မည်ဖြစ်ပါက တစ်ပါတည်းတင်ဒါဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလည်း ခေါ်ဆိုမည်ဟုလည်း ပါ‌ရှိကြောင်း သိရသည်။

 

နိုင်ငံတော်အနေနှင့် ခုလိုအစီစဉ်များကို ခွင့်ပြုခဲ့ပြီးဖြစ်‌ကြောင်း၊တင်ဒါ အောင်ပြီးလည်‌ပတ်နေ သည့် စက္ကူစက်မှာ စွမ်းအင်အခက်အခဲ‌ ရှိသောကြောင့် ခေတ္တခဏရပ်ထားခဲ့ရသည်လည်းရှိခဲ့ပါ‌ကြောင်း၊ ယခုအခါ အထည်ချုပ်များကို လုပ်ကိုင်ကြရမည့် ရည်ရွယ်ချက်မှာလည်း ရေနီ၏ အနီးဝန်းကျင်တွင် သကြားစက်တစ်ခုတည်းသာ ရှိသည့်အတွက်‌ အမျိုးသားများသာ သကြားစက်တွင် အလုပ်ရရှိကြပါကြောင်း၊ ဤသို့ဖြင့် ထိုဒေသနေဒေသခံ အမျိုးသမီးများ အလုပ် အကိုင် အခွင့်အလမ်း ရရှိ‌ စေရေး  ရှေးရှုပြီး အထည်ချုပ်စက်ရုံ တည်ဆောက်ရန် ရည်ရွယ်ပါကြောင်း၊စက်ရုံအလုပ်ရုံတည်‌ထောင်မည့် လုပ်ငန်းရှင်များအနေနှင့် တင်ဒါ ဝင်ပြိုင်မည်ဆိုပါက ထိုအချက်များကို ထည့်သွင်း စဉ်းစားလိုက်နာကြရမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း နှင့် ဓါတ်ပုံ- ရွှေမြိုင်မောင်ဖုန်း