နေပြည်တော် ၂၂  ဇွန်

ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

သတင်းစာရှင်းလင်းပွဲ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ဝန်ကြီးဌာနအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲမည့် ကျန်းမာရေးစနစ် တစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်လာပြီး အရည်အသွေး ပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုများကို နေရာဒေသမရွေး လူတိုင်းလက်လှမ်းမီအောင် ပိုမိုထိရောက်စွာ ပေးအပ်နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ဝန်ကြီးဌာန၏ ဘဏ္ဍာငွေ ရရှိမှုအနေဖြင့် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ဘီလီယံ ၆၈၀ မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်  ငွေကျပ် ၁၀၁၈ ဘီလီယံအထိ တိုးမြှင့် ခွင့်ပြုပေးခဲ့ပါကြောင်း၊ ပြည်ပအကူအညီများအနေဖြင့် ငွေကျပ် ၈၂  ဘီလီယံမှ ငွေကျပ် ၁၃၆ ဘီလီယံအထိ တိုးမြှင့် ရရှိခဲ့ပါကြောင်း။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် စုစုပေါင်းခွင့်ပြုအင်အား ၂၀၂၄၈၆ ဦးရှိ သည့်အနက် စုစုပေါင်းဝန်ထမ်း ၁၁၃၇၇၁ ဦး တာဝန်ထမ်းဆောင်လျက်ရှိ၍ ဝန်ထမ်းခွင့်ပြု အင်အား၏ ၅၆ ရာခိုင်နှုန်းသာ ခန့်ထားနိုင်ပါကြောင်း၊ စတုတ္ထ (၁) နှစ်တာကာလတွင် သစ်လွင် ဆရာဝန် ၇၂၃ ဦး၊ သူနာပြုဆရာမ ၁၇၇၄ ဉီး၊ သားဖွားသစ်လွင် ၈၃၉ ဦးနှင့် အခြားအမှုထမ်း ၁၀၆၂ ဉီး စုစုပေါင်းဝန်ထမ်းသစ် ၄၃၉၈ ဉီး ခန့်ထားနိုင်ခဲ့ပါကြောင်း၊ တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများနေထိုင်ရေး အဆင်ပြေစေရန်အတွက် ၂၀၁၆ ခုနှစ် ဧပြီလမှစ၍ ဝန်ထမ်းအိမ်ရာများကို ဦးစားပေးဆောက်လုပ်ခဲ့ရာ ယခုအချိန်ထိ ဆောက်လုပ်ပြီးစီး/ ဆောက် လုပ်ဆဲ ဝန်ထမ်းအိမ်ရာပေါင်း ၄၇၄၇ ခုနှင့် အိမ်ခန်းပေါင်း ၂၃၅၂၂ ခန်း ရှိပြီဖြစ်ပါကြောင်း။

 

ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် ကုသရေးကဏ္ဍ၌ မြန်မာတစ်နိုင်ငံ လုံးတွင် (၁၆) ခုတင်မှ ခုတင်(၂၀၀၀) ဆံ့အထိ ဆေးရုံပေါင်း ၁၁၅၂ ရုံ၊ ဆေးရုံခုတင်ပေါင်း ၅၅၃၉၄ ခုတင်ဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ၂၀၁၉ ခုနှစ်အတွင်း ပြင်ပလူနာစုစုပေါင်း ၁၁ ဒသမ ၉ သန်း၊ အတွင်းလူနာ ၃ ဒသမ ၁ သန်း လက်ခံကုသပေးခဲ့ပါကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ၂၀၁၉ ခုနှစ်အတွင်း ခွဲစိတ်ကုသမှုပေါင်း ၇၉၈၄၃၉ ကြိမ် ဆောင်ရွက်ခဲ့ပြီး အထူးခွဲစိတ်ကုသမှုများအနေဖြင့် ရင်ခေါင်းဖွင့် နှလုံးခွဲစိတ် ကုသခြင်း ၁၀၂၇ ကြိမ်၊ နှလုံးသွေးကြောချဲ့ကုသခြင်း ၅၈၇၇ ကြိမ်နှင့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ခွဲစိတ်ကုသခြင်း ၈၅၂ ကြိမ်တို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပါကြောင်း၊ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၌ သားသမီးများ ရလိုသူများအတွက် Fertility Centre ဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာ ဒုတိယမြောက် ဖန်ပြွန်သန္ဓေသားနှင့် တတိယမြောက် ဖန်ပြွန် သန္ဓေသား တို့ကို အောင်မြင်စွာ မွေးဖွားပေးနိုင် ခဲ့ပါကြောင်း။

 

အမျိုးသားသွေးဌာနသည် ပြည်သူ့ဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများမှ လူနာများ၏ အရေးပေါ် သွေးလိုအပ်ချက်များကိုပါ ထောက်ပံ့လျက်ရှိရာ ဆေးရုံပေါင်း ၃၀ ခန့်သို့ လစဉ် ထောက်ပံ့လျက်ရှိပြီး ၂၀၁၉ ခုနှစ် တစ်နှစ်လုံးအနေဖြင့် သွေးယူနစ်စုစုပေါင်း ၁၉၄၅၂၂ ယူနစ် ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း။

 

ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် ဒေသန္တရ/ မိခင်နှင့်ကလေးကျန်းမာရေးဌာန ၄၄၁ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၁၈၄၉ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲပေါင်း ၈၇၀၀ ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများပေးလျက်ရှိပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဖွဲ့စည်းပုံအသစ် တိုးချဲ့နိုင်ခဲ့သည့် ကျေးလက်ကျန်းမာရေးဌာန ၇၁ ဌာနရှိပြီး ကျေးလက် ကျန်းမာရေးဌာနခွဲ ၉၂ ခုကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် လေးနှစ်တာကာလအတွင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ အဆောက်အဦများဖြစ်သည့် ကျေးလက်ကျန်းမာရေးဌာန ၄၁၃ ဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၃၇၄ ခု၊ ဒေသန္တရဆေးခန်း ၉ ခန်း၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာန ၂၇ ဌာန၊ သားဖွားခန်း ၉ ခန်း၊ ရုံး ၁၀၅ ရုံးနှင့် ဆေးသိုလှောင်ရုံ ၃၃ ခုတို့ကို အသစ်ဆောက်လုပ် ဖွင့်လှစ်ပေးခဲ့ပါကြောင်း။

 

ကူးစက်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းအနေဖြင့် ပြည်သူများအား ထိရောက်စွာ ကုသ ပေးနိုင်ရန် ဆေးအလေအလွင့် နည်းပါးစေရန်အတွက် ခွေးကိုက်လူနာကုသမှုဌာနများကို ရန်ကုန်မြို့ရှိ ပြည်သူ့ဆေးရုံကြီး(၄)ရုံတွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ခွေးရူးပြန် ရောဂါ ကာကွယ်ဆေးနှင့်  ပဋိပစ္စည်းများကို နိုင်ငံတော်မှ ငွေကျပ်သန်း ၄၂၈၉ သန်းဝယ်ယူ၍ ကုသမှု ပေးခဲ့ရာ ၂၀၁၁ ခုနှစ်တွင် ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသူ ၂၄၅ ဦးရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၆၈ ဦးအထိ လျော့ကျလာပါကြောင်း၊ အသည်းရောင်အသားဝါ(စီ) ရောဂါပိုး ဖြစ်ပွားသူ ၃၂၅၇ ဦးအား Direct Acting Antiviral ဆေးဝါးများဖြင့် အခမဲ့ဆေးကုသမှု ပေးနိုင်ခဲ့ပါကြောင်း။

 

HIV ဖြစ်ပွားမှုများသော မြို့နယ်များတွင် ART ဆေးကုသပေးသည့် ဌာနများအား ၃၉၇ ခု အထိ လည်းကောင်း၊ ART ဆေးတိုက်ကျွေးခြင်းကို ၁၈၄၆၈၄ ဦးအထိ ဆေးပေးနိုင်ခဲ့ပြီး ခန့်မှန်း အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံနေရသူများ၏ ၇၇ ရာခိုင်နှုန်းအထိ တိုးမြှင့်ပြီးကုသမှုပေး နိုင်ခဲ့ပါကြောင်း၊ မက်သဒုန်း အစားထိုးတိုက်ကျွေးသည့်ဌာနများအား (၇၁)ခုအထိ၊ မိခင်မှ သန္ဓေသားသို့ HIV ကူးစက်မှု ကာကွယ်ရေးလုပ်ငန်းကို မြို့နယ် ၃၂၆ ခုအထိ တိုးချဲ့ ဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ HIV ကာကွယ်ရေးနှင့် သွေးစစ်ဆေးရေးလုပ်ငန်းများကို အမျိုးသမီးလိင် အလုပ်သမများ၌ ၈၅ ရာခိုင်နှုန်းအထိ၊ အမျိုးသားချင်း လိင်တူဆက်ဆံသူများ၌ ၅၂ ရာခိုင်နှုန်း အထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မူးယစ်ဆေးသွေးကြောအတွင်း ထိုးသွင်းသူ ၁၉၉၉၁ ဦးကို မူးယစ်ဆေးအစားထိုး မက်သာဒုန်း ဆေးတိုက်ကျွေးနိုင်ခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအား ၈၉၅၄၁၁ ဦးအား HIV သွေးစစ်ဆေး နိုင်ခဲ့ပါကြောင်း။

 

တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအနေဖြင့် တီဘီရောဂါကာကွယ်ခြင်း၊ ရှာဖွေခြင်းနှင့် ကုသခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ စုစုပေါင်းတီဘီလူနာသစ် ၁၃၃၀၉၅ ဉီး အခမဲ့ရှာဖွေကုသပေးနိုင်ခဲ့ပြီး ဆေးကုသမှုအောင်မြင်နှုန်း ၈၇ ရာခိုင်နှုန်း ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဆေးယဉ်ပါးတီဘီရောဂါ ရှာဖွေကုသခြင်းလုပ်ငန်းများ ကို ဆေးယဉ်ပါးတီဘီလူနာ ၂၅၈၁ ဦးကို အခမဲ့ဆေးကုသမှုပေးနိုင်ခဲ့ပြီး ဆေးယဉ်ပါးတီဘီ ဆေးကု သမှုအောင်မြင်နှုန်း ၈၀ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ TB/HIV ရောဂါ ရှာဖွေကုသရေး လုပ်ငန်းအနေဖြင့် တီဘီလူနာများ၏ ၉၅ ရာခိုင်နှုန်းကို HIV ပိုး ရှိ/မရှိ စစ် ဆေးပေးနိုင်ခဲ့ပြီး HIV ပိုးရှိတီဘီလူနာများ၏ ၇၄ ရာခိုင်နှုန်းခန့်ကို ART ဆေးကုသမှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ မြန်မာနိုင်ငံ၏ တီဘီရောဂါ ဖြစ်ပွားမှုအခြေအနေမှန်ကို သိရှိနိုင်မည့် 4th Nationwide TB Prevalence Survey စစ်တမ်းကောက်ယူနိုင်ခဲ့ပါကြောင်း။    

 

ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ငှက်ဖျားရောဂါဖြင့် သေဆုံးသူ ၉ ဦး သာရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ငှက်ဖျားရောဂါပပျောက်ရေး လုပ်ငန်းများကို တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် လွှမ်းခြုံဆောင်ရွက်နိုင်ခဲ့ရာ စုစုပေါင်း ၂၁၁ မြို့နယ်တွင် လုပ်ငန်းဆောင်ရွက် နိုင်ခဲ့ပါကြောင်း။

 

မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးအနေဖြင့် Trachoma Prevalence Survey-2019 ကို မြို့နယ် (၁၄) မြို့နယ်ရှိ ကျေးရွာပေါင်း (၄၂၀)တွင် စစ်တမ်းကောက်ယူနိုင်ခဲ့ပြီး မျက်ခမ်းစပ်ရောဂါ ကင်းဝေးရေးကြေငြာနိုင်ရေး စီစဉ်လျက်ရှိပါကြောင်း၊ “Vision 2020” ရရှိ နိုင်ရန်အတွက် တစ်နှစ်အတွင်း လူဦးရေတစ်သန်းတွင် အတွင်းတိမ် ခွဲစိတ်နှုန်းကို ၃၀၀၀ ရရှိ နိုင်ရန် ဦးတည်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၂၆၁၆ ဦးအထိ ရရှိနေပြီဖြစ်ပါကြောင်း။

 

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအနေဖြင့် ယခုနှစ်တွင် ဆေးပညာဘွဲ့ ၁၄၆၅ ဦး၊ သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ ၂၄၄ ဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ ၂၈၅ ဦး၊ ဆေးဝါးသိပ္ပံဘွဲ့ ၂၃၈ ဦး၊ သူနာပြုသိပ္ပံဘွဲ့ ၁၁၁၆ ဦး၊ သူနာပြုဒီပလိုမာ ၁၆၅၈ ဦး၊ သားဖွား ဆရာမ ၁၃၅၁ ဦး အပါအဝင် စုစုပေါင်းပညာရှင် ၇၀၀၀ ခန့်ကို လေ့ကျင့်မွေးထုတ်နိုင်မည် ဖြစ်ပါကြောင်း၊ ဝေးလံခက်ခဲဒေသများတွင် တာဝန်ထမ်းဆောင်ရန် ဒေသခံဆရာဝန်များ မွေးထုတ်ပေးနိုင်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုပေးနိုင်ရန်အတွက် သွားလာရေး နှင့် လူမှုရေးခက်ခဲ သောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများအား ယခုပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူ (၅၉)ဦး တို့အား ဆေးတက္ကသိုလ်များသို့ တက်ရောက်ခွင့်ပြုခဲ့ပါကြောင်း။

 

ထို့ပြင် သုတေသနယဉ်ကျေးမှု (Research culture) ထွန်းကားလာစေရေးအတွက် ယခင်နှစ်က အသုံးချသုတေသန ၃၈၅ ခုအတွက် ငွေကျပ်သန်း ၁၃၀၀ ထောက်ပံ့ခဲ့ပြီး ယခုနှစ်၌ ငွေကျပ်သန်း ၃၀၀၀ အထိတိုး၍ ကျန်းမာရေးဝန်ထမ်း အလွှာပေါင်းစုံ၊ နေရာပေါင်းစုံ၊ ကဏ္ဍ ပေါင်းစုံ၌ လက်တွေ့အသုံးချသုတေသနများ ဆောင်ရွက်နိုင်ရေးအတွက် ထောက်ပံ့ပေးလျက် ရှိပါကြောင်း။

 

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် အစားအသောက်နှင့် ဆေးဝါးဆိုင်ရာ ကိစ္စရပ်များအပြင် အလှကုန်၊ လူသုံးကုန်ကဲ့သို့သော ကျန်းမာရေးဆိုင်ရာ ပစ္စည်းများ၊ ဆေးပစ္စည်းများ၏ အရည်အသွေးနှင့်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ် များကိုလည်း တာဝန်ယူဆောင်ရွက် လျက်ရှိပါကြောင်း၊ လမ်းဘေးစျေးသည်များ ရောင်းချနေသော အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးသင်တန်းများအား နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးတို့မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ အစားအသောက်ကြီးကြပ်ကွပ်ကဲရေး လုပ်ငန်းများ အနေဖြင့် ပြည်တွင်းလုပ်ငန်းများအား အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်ထုတ်ပေးခြင်း၊  လုပ်ငန်းသစ် ၅၁၄ မျိုး၊ လုပ်ငန်းသက်တမ်းတိုး ၁၀၃၅ မျိုး၊ သွင်းကုန်လုပ်ငန်း ထောက်ခံချက်အနေဖြင့် ၃၄၀၀၆ မျိုးနှင့် ပို့ကုန်လုပ်ငန်း ၄၅၆ မျိုးတို့ကို ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း။

 

တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် (၂၅) ခုတင်ဆံ့တိုင်းရင်းဆေးရုံ (၂) ရုံနှင့် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ (၂)ရုံကို တိုးချဲ့ဖွင့်လှစ်ခဲ့ပါကြောင်း၊ ယခုမြန်မာနိုင်ငံ၌ ဖွင့်လှစ်ပြီး သော တိုင်းရင်းဆေးရုံ (၄၄)ရုံနှင့် တိုင်းရင်းဆေးကုဌာန ၂၁၀ ရှိပါကြောင်း၊ ဆေးရုံများ၌ အတွင်း လူနာ ၁၅၇၅၃ ဦး၊ ပြင်ပလူနာ ၃၁၇၅၂၄ ဦး ကုသပေးနိုင်ခဲ့ပြီး ကွင်းဆင်းစစ်ဆေးရာ တွင် ၄၃၆၇၆ ဦးကို စစ်ဆေးပေးနိုင်ခဲ့ပါကြောင်း။

 

အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် National Sports Seminar မှ ပေါ်ထွက်လာသော အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်ဆောင်ရွက်ရန် အကြံပြုချက် (၇၃) ချက်အနက် (၁၉)ချက်ကို ဦးစားပေး ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ပြည်သူများ အားကစားလှုပ်ရှားမှု လုပ်နိုင်ရန်အတွက် အားကစားကွင်း/ အားကစားရုံ/ ရေကူး ကန်များ ဆောက်လုပ်ပေးလျက်ရှိရာ အားကစားကွင်း (၈)ကွင်း၊ အားကစားရုံ (၄၄)ရုံ ဆောက် လုပ်ပေးနိုင်ခဲ့ပါကြောင်း၊ နေပြည်တော်ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဝန်ထမ်းများ၊ အားကစားဝါသနာရှင်များအတွက် Physical Fitness Dance သင်တန်း (၄)ကြိမ် ဖွင့်လှစ်ခဲ့ရာ ၇၁၂ ဦး တက်ရောက်ခဲ့သည့်အပြင် ယောဂနည်းပြသင်တန်း သို့ သင်တန်းသား ၂၅၄ ဦး တက်ရောက်ခဲ့ပါကြောင်း၊ အများပြည်သူများ လွတ်လပ်စွာလေ့ကျင့်နိုင်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် Outdoor Fitness Equipments ၁၈၁၇ စုံအား တပ်ဆင်ပေးခဲ့ပါကြောင်း၊ မျိုးဆက်သစ်လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်စေရန် ရည်ရွယ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများကို (၂၇)ကြိမ် ကျင်းပ ပြုလုပ်ခဲ့ပါကြောင်း၊ အားကစားလှုပ်ရှားမှု အကျိုးကျေးဇူးများကို သိရှိနားလည်လာစေပြီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လှုပ်ရှား ဆောင်ရွက်လာကြစေရန် ဒီဇင်ဘာအားကစားလှုပ်ရှားမှုများတွင် တစ်နိုင်ငံလုံးတွင် အင်အား  ၂၈၈၂၂၇၀၀ ပါဝင်ခဲ့ပါကြောင်း၊ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရေး ရည်ရွယ်ချက်ဖြင့် မူဝါဒနှင့် ကိုက်ညီပြီး အမြဲတစေ ဖွဲ့စည်းထားသော အားကစားကလပ်များကို ပြန်လည်စိစစ်ခဲ့ရာ တိုင်းဒေသကြီး/ ပြည်နယ်များ၌ ကလပ်ပေါင်း ၁၀၂၀ အထိ ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ဝေးလံခက်ခဲသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ အပါအဝင် ပြည်သူအားလုံးထံသို့ လူတိုင်းလက်လှမ်းမီသည့် ကျန်းမာ ရေးစောင့်ရှောက်မှုကို ကိုယ်ပိုင်ကုန်ကျစရိတ် အနည်းဆုံးဖြင့် ရရှိနိုင်ရန်နှင့် ပြည်သူ အားလုံး သက်တမ်းစေ့ အသက်ရှည်စွာ ကျန်းမာရွှင်လန်းနိုင်ရန် ရည်ရွယ်၍ Universal Health Coverage-2030 ပန်းတိုင် ရရှိနိုင်ရန်အတွက် ပဏာမကျန်းမာရေးစောင့်ရှောက်မှုကို အခြေခံ၍ ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ခွင့်ပြုနိုင်သည့် သတ်မှတ်ထားသော ဘောင် အတွင်းနှင့် ရေရှည်တွင် တိုင်းပြည်၏ အရင်းအမြစ်များဖြင့် ကျခံနိုင်မည့် ကျန်းမာရေး စီမံကိန်း အစီအစဉ်များရေးဆွဲကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနအနေဖြင့် အမျိုးသားကျန်းမာရေး မူဝါဒကို ပြန်လည်ရေးဆွဲလျက် ၂၀၃၀ ပြည့်နှစ် တွင် Universal Health Coverage ပန်းတိုင်ရောက်ရှိ ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများ၊ နှီးနွှယ်ဌာနများနှင့် ပူးပေါင်း၍ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် သတင်းမီဒီယာများက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဒုတိယလှိုင်း မကူးစက် ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှု နှင့်စပ်လျဉ်း၍ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကိုဗစ်-၁၉ ဒုတိယလှိုင်းအတွက် အထွေထွေ ပြင်ဆင်ရန် မလိုအပ်ပါကြောင်း၊ ယခုပုံစံအတိုင်း လူတိုင်းသည်  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  ဆောင်ရန်၊ ရှောင်ရန်များကို တိတိကျကျ လိုက်နာ ဆောင်ရွက်ပါက ကိုဗစ်-၁၉ ဒုတိယလှိုင်းအတွက် စိုးရိမ်စရာမလိုပါကြောင်း၊  ကပ်ရောဂါ သဘော သဘာဝအရ ရောဂါကူးစက်မှုမှာ အတက်၊ တည့်တည့်သွား၊ ပြန်ကျ ဖြစ်ပါကြောင်း၊ အခုအခြေအနေတွင် မတက်တော့ဘဲ နည်းနည်းပြန်ဆင်းနေသည့် ပုံစံဖြစ်ပါကြောင်း၊ ပြည်သူ များအနေဖြင့် မပေါ့ဆသင့်ပါကြောင်း၊ Mask တပ်ဆင်ခြင်းသည် ရောဂါကာကွယ်ရေးအတွက် အရေးကြီးသည့်အတွက် ပြည်သူများအနေဖြင့် အပြင်ထွက်လျှင် Mask များ တပ်ဆင်သွားကြ ရန် လိုအပ်ပြီး မီဒီယာများအနေဖြင့်လည်း မိမိတို့ မီဒီယာများမှတစ်ဆင့် တိုက်တွန်း လှုံ့ဆော် အားပေးသင့်ပါကြောင်း ဖြေကြားသည်။

 

ဆက်လက်၍ သတင်းမီဒီယာများက ပြည်ပနိုင်ငံများမှ ပြန်လာသူများတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုများနေပြီး ရောဂါကာကွယ်ရေးအတွက် နယ်စပ်ဂိတ်များအား လ အကန့် အသတ်ဖြင့် ပိတ်ထားရန် အစီအစဉ် ရှိ/မရှိ၊ ပြည်သူများအကြား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ညွှန်ကြားချက်များကို ဆက်လက်လိုက်နာမှုရှိစေရေး ကြပ်မတ်ဆောင်ရွက် နေမှု၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူဦးရေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ဝန်ကြီးဌာနအနေဖြင့် ဘတ်ဂျက်သုံးစွဲမှု၊ ကိုဗစ်-၁၉ ရောဂါ စတင် ဖြစ်ပွားချိန်မှ ယခုအချိန်အထိ အဓိကကြုံတွေ့ရသည့် အခက်အခဲနှင့် စိန်ခေါ်မှု၊ မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရန် ဆောင်ရွက်နေမှု ရှိ/မရှိ၊ ကိုဗစ်-၁၉ ကာလတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် လမ်းညွှန်ချက်များထုတ်ပြန်ထားမှု အခြေအနေ၊ စားသောက်ဆိုင်များတွင် Social Distancing ဆောင်ရွက်ထားရှိမှု အခြေအနေ နှင့်ပတ်သက်၍ ဝန်ကြီးဌာန၏ သုံးသပ်ချက်၊ ဆရာဝန်များ ပိုမိုပေါ်ထွက်လာစေရေး ဝန်ကြီး ဌာနအနေဖြင့် စီမံဆောင်ရွက်နေမှု အခြေအနေ၊ ဆေးတက္ကသိုလ် ဝင်ခွင့်ရမှတ်များ လျှော့ချ ခေါ်ယူရန် အစီအစဉ် ရှိ/မရှိ၊ ဆရာဝန်နှင့် သူနာပြုအရေအတွက်၊ အားကစားကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ အားကစားသမားများအတွက် ဘဝအာမခံချက်ရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍  မဟာဗျူဟာနှင့် မူဝါဒများ ချမှတ်ရေးဆွဲဆောင်ရွက်နေမှု အခြေအနေ၊ အခြေခံပညာကျောင်းအားလုံးတွင် အပူချိန်တိုင်း ကိရိယာများရရှိမှု အခြေအနေ၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများထဲက ရောဂါပိုး စစ်ဆေးတွေ့ရှိသူဦးရေ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းအခြေအနေနှင့် ပြည်သူများ ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် စပ်လျဉ်း၍ မေးမြန်းကြရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တာဝန်ရှိသူများ က ပြန်လည် ရှင်းလင်းဖြေကြားကြသည်။

(သတင်းစဉ်)