နေပြည်တော် ၂၂ ဇွန်
ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှု နှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း ခေါင်းဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၀ ရက်မှ ၁၂ ရက်အထိ (၁၃)ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (13th ASEAN Defence Ministers' Meeting)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူဘေပြည်နယ် ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၈ ရက်တွင် ကျင်းပသည့် (၇)ကြိမ်မြောက် CISM Military World Games (Wuhan 2019)ဖွင့်ပွဲ အခမ်းအနား၊ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်မှ ၁၉ ရက်အထိ အာဆီယံကာကွယ်ရေးဝန်ကြီးများ သီးသန့်အစည်းအဝေး (ASEAN Defence Ministers’ Meeting Retreat)နှင့် (၆)ကြိမ်မြောက် အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီး များ အစည်းအဝေး (6th ASEAN Defence Ministers’ Meeting-Plus)၊ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၀ ရက်အထိ အာဆီယံကာကွယ်ရေးဝန်ကြီးများ သီးသန့် အစည်းအဝေး (ASEAN Defence Ministers’ Meeting Retreat)နှင့် အာဆီယံ - ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးများ အလွတ် သဘော အစည်းအဝေးတို့သို့ တက်ရောက်ခဲ့ပါကြောင်း။
အထက်ဖော်ပြပါ အစည်းအဝေးများသို့ တက်ရောက်ခြင်းဖြင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို အခြားအာဆီယံနိုင်ငံများနှင့်အတူ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့ခြင်း၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်သည့် မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားနိုင်ခြင်း၊ အာဆီယံဒေသတွင်း လုပ်ငန်းဖော်ဆောင်မှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ရပ်တည်မှုကို ဖော်ပြနိုင်ခဲ့ခြင်းနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ဖော်ဆောင်နိုင်ခြင်း စသည့် အခွင့်အလမ်း များကို ရရှိစေခဲ့ပါကြောင်း။
အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ဆင့်ပွားသင်တန်းများကို အရာရှိ ၆၈၁ ဦးနှင့် အခြားအဆင့် ၃၁၂၁ ဦးအား တိုင်းစစ်ဌာနချုပ်များ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်ပို့ချခဲ့ပြီး ဆက်လက်၍ တိုင်းစစ်ဌာနချုပ်အလိုက် နှစ်လတစ်ကြိမ် သင်တန်းများ ဖွင့်လှစ်လျက်ရှိပါကြောင်း။
တပ်မတော်သို့ ဝင်ရောက်စဉ် အသက် ၁၈ နှစ် ပြည့်မြောက်ခြင်း မရှိသေးကြောင်း စိစစ်တွေ့ရှိရသည့် စစ်သည် ၄ ဦးကို ၂၀၁၉ ခုနှစ် ဇွန်လ ၁၂ ရက်တွင် လည်းကောင်း၊ စစ်သည် ၁၈ ဦးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်တွင် လည်းကောင်း တပ်မတော်မှ လုပ်ထုံးလုပ်နည်း နှင့်အညီ နုတ်ထွက်ခွင့်ပြု၍ မိဘ/အုပ်ထိန်းသူများထံသို့ တစ်ဦးချင်း အစီအစဉ်ဖြင့် လွှဲပြောင်းပေးခဲ့ပြီး ၄ နှစ်တာကာလအတွင်း တပ်မတော်သို့ ဝင်ရောက်စဉ် အသက် ၁၈ နှစ် ပြည့်မြောက်ခြင်း မရှိသေးကြောင်း စိစစ်တွေ့ရှိရသည့် စစ်သည် ၂၆၂ ဦးကို မိဘ/အုပ်ထိန်း သူများထံသို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်မှစ၍ အသက် ၁၈ နှစ် ပြည့်မြောက် ခြင်းမရှိသူ စစ်သည် စုစုပေါင်း ၁၀၀၆ ဦးကို မိဘ/အုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ပြီးဖြစ်ပါကြောင်း။
သဘာဝဘေးအန္တရာယ်ကျရောက်စဉ် ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး ဆောင်ရွက်ပေးနိုင်ခဲ့မှု အနေဖြင့် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၄ ခုနှင့် မြို့နယ် ၉ မြို့နယ်တို့တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ တပ်မတော်မှ လုံခြုံရေးဆောင် ရွက်ပေးခြင်း၊ အိမ်ထောင်စု ၆၅ စုကို ကူညီရွှေ့ပြောင်းပေးခြင်း၊ ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် အိမ်ခြေ ၆၂ လုံးတို့ကို ရှင်းလင်းပြုပြင်ပေးခြင်း၊ ပြည်သူ ၃၆၃ ဦးကို ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်း စုစုပေါင်း တန်ဖိုးငွေကျပ် ၂၁၆ သိန်းကျော် ထောက်ပံ့ပေးနိုင် ခဲ့ပါကြောင်း။
လေပြင်းတိုက်ခတ်မှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုနှင့် မြို့နယ် ၂၀ တို့တွင် သာသနိကအဆောက်အဦများ၊ အစိုးရအဆောက်အဦများနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရာ တပ်မတော်မှ အိမ်ထောင်စု ၉၄၇ စုကို ကူညီရွှေ့ပြောင်းပေးခြင်း၊ စာသင်ကျောင်း ၉ ကျောင်း၊ ဘုရား/စေတီ ၂ ဆူ၊ ဘုန်းကြီးကျောင်း ၁၃ ကျောင်း၊ အိမ်ခြေ ၅၈၈ လုံး၊ အစိုးရရုံး/ဌာန တစ်ခု၊ တံတား တစ်စင်းနှင့် ရေကန် တစ်ကန်တို့ကို ရှင်းလင်းပြုပြင်ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်း စုစုပေါင်းတန်ဖိုးငွေကျပ် ၁၀၄ သိန်းကျော် ထောက်ပံ့ ပေးနိုင်ခဲ့ပါကြောင်း။
ရေကြီးမှုဖြစ်ပွားခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုနှင့် မြို့နယ် ၂၁ မြို့နယ်တို့ တွင် တပ်မတော်မှ အိမ်ထောင်စု ၆၆၇၅ စုနှင့် တိရစ္ဆာန်ကောင်ရေ ၁၇၀ တို့ကို ကူညီရွှေ့ ပြောင်းပေးခြင်း၊ တာ/တမံ ၁၇၃၅ ပေ၊ လမ်း ၁၄၈၅ ပေ၊ စာသင်ကျောင်း ၉ ကျောင်း၊ ဘုရား/ စေတီ တစ်ဆူ၊ ဘုန်းကြီးကျောင်း ၁၀ ကျောင်း၊ အိမ်ခြေ ၂၆ လုံးနှင့် တံတား ၄ စင်းတို့ကို ရှင်းလင်းပြုပြင်ပေးခြင်း၊ ပြည်သူ ၅၁၅၆ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်သည့်အပြင် တပ်မတော်(လေ)မှ လေယာဉ်နှင့် ရဟတ်ယာဉ်များဖြင့် ခေါက်ရေ ၄ ခေါက်၊ ကုန်တန်ချိန် ၆ ဒသမ ၄ တန်ကျော် သယ်ယူပို့ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်း စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း ၁၀၈၀ ကျော် ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း။
ငလျင်ဘေးဖြစ်ပွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ရွှေဘို၊ ခင်ဦးနှင့် ရေဦး မြို့နယ်တို့ တွင် တပ်မတော်မှ ဘုရား/စေတီ ၂ ဆူနှင့် ဘုန်းကြီးကျောင်း ၃ ကျောင်းတို့ကို ရှင်းလင်း ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် စတင်ဖြစ်ပွားသည့် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအတွက် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၅ ရက်တွင် စုစုပေါင်းတန်ဖိုးငွေကျပ် ၄၉၉၅ သိန်းကျော် တန်ဖိုးရှိ ဆေးဘက်ဆိုင်ရာ ပစ္စည်းများဖြစ်သည့် Surgical Masks (2 Ply)၊ Type-N95 (SM Particulate Respirator Masks)နှင့် Safety Goggles တို့ကို တစ်မျိုးလျှင် အရေအတွက် ၉၀၀၀၀ စီကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ပို့ဆောင်လွှဲပြောင်းပေးအပ် လှူဒါန်းထောက်ပံ့ ပေးနိုင်ခဲ့ပါကြောင်း။
၂၀၁၆ ခုနှစ်မှ ယနေ့အချိန်အထိ နိုင်ငံတော်အစိုးရ၏ ၄ နှစ်တာသက်တမ်း ကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖြစ်ပွားခဲ့သည့် မီးဘေး၊ လေဘေး၊ ရေဘေး၊ ငလျင်ဘေးနှင့် ကပ်ရောဂါဘေးအတွက် ပြည်ပနိုင်ငံသို့ ပေးပို့လှူဒါန်းခဲ့မှု အပါအဝင် တပ်မတော်မှ အိမ်ထောင်စု ၄၁၁၀၅ စုနှင့် တိရစ္ဆာန် ၇၄၅၄ ကောင်တို့ကို ကူညီရွှေ့ပြောင်းပေးခြင်း၊ ဆန်စက် ၁ လုံး၊ တာတမံ ၄၃၄၉၂ ပေ၊ လမ်း ၁၁၈၃၅၂ ပေ၊ စာသင်ကျောင်း ၁၉၇ ကျောင်း၊ ဆေးရုံ ၁၇ ရုံ၊ ဘုရား/စေတီ ၁၀၄၄ ဆူ၊ ဘုန်းကြီးကျောင်း ၈၁၄ ကျောင်း၊ အိမ်ခြေ ၇၃၇၁ လုံး၊ အစိုးရရုံး/ဌာန ၁၅ လုံး၊ တံတား ၁၁ စင်း၊ တံတားချဉ်းကပ်လမ်း ၇၂၅ ပေနှင့် ရေတွင်း/ရေကန် ၂၁၄၅ ကန်တို့ကို ရှင်းလင်းပြုပြင်ပေးခြင်း၊ ပြည်သူ ၂၀၆၆၇ ဦးကို ကျန်းမာရေးစောင့်ရှောက် မှုပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး တပ်မတော်ပိုင် လေယာဉ်နှင့် ရဟတ်ယာဉ်များဖြင့် ခေါက်ရေ ၅၄ ခေါက်၊ ကုန်တန်ချိန် ၁၅၉ ဒသမ ၈၁ တန် သယ်ယူပို့ဆောင်ပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့သည့်အပြင် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်း စုစုပေါင်းတန်ဖိုးငွေကျပ် ၁၉၆၇၈ သိန်းကျော်ကို ဘေးအန္တရာယ် ကျရောက်ခဲ့သော ဒေသများအတွက် လှူဒါန်းထောက်ပံ့ ပေးအပ်နိုင်ခဲ့ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများက မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်တို့၏ လုပ်ငန်းများနှင့် ငွေကြေးစီမံခန့်ခွဲမှု အခြေအနေ၊ ကာကွယ်ရေးဝန်ကြီး ဌာနရှိ အဆောက်အဦနှင့် မြေနေရာမှုငှားရမ်းမှုများမှ ရငွေများ နိုင်ငံ့ဘဏ္ဍာငွေထဲ ထည့်ဝင် နေမှု၊ ကလေးစစ်သားစုဆောင်းမှုနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်နေမှု၊ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ အငြိမ်းစားတပ်မတော် အရာရှိကြီးများ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိ/မရှိ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ အငြိမ်းစားယူမှု အခြေအနေ၊ မြန်မာ့တပ်မတော်မှ လက်နက်ခဲယမ်းများ ထုတ်လုပ်နေမှုနှင့် ၎င်းလက်နက်များအား ပြည်ပနိုင်ငံများသို့ ရောင်းချရန် ရှိ/မရှိ၊ တပ်မတော်မှ သိမ်းဆည်း ထားသည့် မြေနေရာများ စွန့်လွှတ်၍ မူလပိုင်ရှင်များထံ ပြန်လည်အပ်နှံနေမှုနှင့် စီမံခန့်ခွဲမှု စသည်တို့ကို မေးမြန်းရာ ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး နှင့်တာဝန်ရှိသူများ က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို ဇွန် ၂၄ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။
(ဟန်မျိုးစိုး၊ ကေတာ)


