နေပြည်တော် ၂၂ ဇွန်
ဖားကန့်ရတနာမြေရှိ ဒေသခံများနှင့် ရွှေ့ပြောင်းအလုပ်သမားများဘဝ ဘေးကင်း လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်အတွက် “ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာလုပ်ငန်းအဖွဲ့”၏ (၈)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဖားကန့်ဒေသသည် အဖိုးမဖြတ်နိုင်သည့် ရတနာမြေတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါဒေသတွင် အလုပ်လုပ်ကိုင်နေကြသည့် ဒေသခံနှင့် ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့မိသားစုများလည်းရှိနေ ကြောင်း၊ ထိုသူများသည်လည်း တန်ဖိုးရှိသည့် လူသားအရင်းအမြစ်များဖြစ်ကြပြီး နောင်မျိုးဆက်များအတွက်လည်း ဘေးကင်းလုံခြုံပြီး ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ဖားကန့်ဒေသအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ကို ၂၀၁၈ခုနှစ်၊ အောက်တိုဘ လတွင် ဖွဲ့စည်းခဲ့သည်မှာ ၁နှစ်နှင့် (၈)လခန့်ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ ရွှေ့ပြောင်းအလုပ်သမား များအတွက် ပြန်လည်ထူထောင်ရေး ဟုဆိုသော်လည်း ဖားကန့်ဒေသတစ်ခုလုံးအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်း၊ လုပ်ငန်းအဖွဲ့၏ ဆောင်ရွက်မှုများကို သုံးသပ်ကြည့်ရာတွင် ကောင်းသောအရွေ့ များစွာရှိပါကြောင်း၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်း ဖြစ်ပါကြောင်း၊ ဖားကန့်ဒေသ ဘေးကင်းလုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်အတွက် ရည်ရွယ် ချက်ဖြင့် လုပ်ငန်းအဖွဲ့ခွဲ (၆)ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အရေးအကြီးဆုံးကိစ္စသည် လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေး ဖြစ်ပါကြောင်း။
ရတနာနယ်မြေဖြစ်သည့်အတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြေယာစီမံခန့်ခွဲရေး သည်လည်း အရေးကြီးပါကြောင်း၊ ဖားကန့်ဒေသ အတွင်းသို့ ရွှေ့ပြောင်းအလုပ် သမားများသည် မျှော်လင့်ချက်ဖြင့် လာရောက်ကြခြင်း ဖြစ်ပါကြောင်း၊ သို့သော်လည်း မူးယစ် ဆေးဝါးအန္တရာယ်နှင့် ဘေးကင်းလုံခြုံမှုမရှိသော လုပ်ငန်းခွင် အခြေအနေများကြောင့် ဒုက္ခမျိုးစုံ ကြုံတွေ့နေကြရကြောင်း၊ ဘေးကင်းလုံခြုံသော အလုပ်အကိုင် အခွင့်အလမ်းများဖော်ဆောင်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အရေးပါသည့် ဘဏ္ဍာရေး ဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲကိုလည်း ထည့်သွင်းဖွဲ့စည်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယခင်အစည်းအဝေးတွင် ဆုံးဖြတ်ချက်(၁၆)ချက် ချမှတ် ဆောင်ရွက်ခဲ့ပြီး ဆောင်ရွက်ဆဲ အနေဖြင့် အချက်(၁၃)ချက်နှင့် ဆောင်ရွက်ပြီးအနေဖြင့် (၃)ချက် ရှိခဲ့ပါကြောင်း၊ ဆောင်ရွက်နေဆဲဖြစ်သည့် လုပ်ငန်းများသည်လည်း ပြီးပြတ်အောင် ဆောင်ရွက်၍ မရနိုင်သေးသည့် လုပ်ငန်းရပ်များဖြစ်ပြီး အချိန်ယူ ဆောင်ရွက် လျက်ရှိပါကြောင်း၊ လုပ်ငန်းအများစုသည် လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေး တို့ အပေါ်တွင် မူတည်ပါကြောင်း။
မူးယစ်ဆေးဖြတ်လုပ်ငန်းနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီဖြစ်ပါကြောင်း၊ မူးယစ်သံသရာမှ ပြတ်အောင် လုပ်ဆောင်ရ မည်ဖြစ်ပါကြောင်း၊ ဖားကန့်ဒေသအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမား များ၏ သားသမီးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ရပ်ကွက်၊ ကျေးရွာများတွင် လျှပ်စစ်ဓါတ်အား ရရှိရေး၊ နှစ်စဉ်ဖြစ်ပွား တက်သည့် ရေးကြီး၊ ရေလျှံ သဘာဝဘေးနှင့်ပတ်သက်၍ ဥရုချောင်း ရှင်းလင်းရေးကိစ္စများကို လည်း လုပ်ငန်းအဖွဲ့ခွဲများအလိုက် အားလုံးဝိုင်းဝန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ သစ်ပင်များကိုပြန်လည် စိုက်ပျိုးခြင်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနသည် ကျောက်မျက်နည်းဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းဥပဒေ ပေါ်ပေါက်ပြီးပါက လုပ်ငန်း အဖွဲ့ခွဲများ၏ ဆောင်ရွက်မှုများ ပိုမိုပြီပြင်လာမည်ဖြစ် ကြောင်း၊ ယခုအချိန်တွင် အထူးအရေးကြီး သည့် လုပ်ငန်းစဉ်တစ်ရပ်မှာ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးဖြစ်ပြီး ဖားကန့်ဒေသတွင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၂ ရက်က စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို မမေ့မလျော့ လိုက်နာဆောင်ရွက်ရန် အရေးကြီးကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ပြည်ပမှဝင်ရောက်သူ များကို စနစ်တကျစောင့်ကြည့် စစ်ဆေးနေခြင်းများရှိပြီး ပြည်တွင်း ကူးစက်မှုမများပြားသေးသော်လည်း ဖားကန့်ဒေသသည် ကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရန် အထူးအလေးထားရမည့် ဒေသတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ သည်။
ထို့နောက် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ (၇)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ထားရှိသည့် အခြေအနေများအား ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ဖားကန့်ဒေသ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းအဖွဲ့ခွဲ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့ခွဲ၊ မြေယာစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ခွဲ၊ အသက်မွေး ဝမ်းကျောင်း သင်တန်းပေးရေးနှင့် အလုပ်အလုပ်အကိုင်ရှာဖွေပေးရေးလုပ်ငန်းအဖွဲ့ခွဲ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းအဖွဲ့ခွဲနှင့် ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ခွဲတို့၏ တာဝန်ရှိသူများက ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


