နေပြည်တော် ၂၂ ဇွန်
ဂျီနီဗာမြို့တွင် ယနေ့ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ (၄၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဉရောပသမဂ္ဂ (အီးယူ) မှ မြန်မာနိုင်ငံကိစ္စနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်အဆို (Resolution) ကို တင်သွင်းခဲ့ရာ အဆိုပါ ဆုံးဖြတ်ချက်အဆိုအား မြန်မာနိုင်ငံက လက်မခံဘဲ ပယ်ချခဲ့ကြောင်း သိရသည်။
အမြဲတမ်းကိုယ်စားလှယ် ဉီးကျော်မိုးထွန်းက ယင်းဆုံးဖြတ်ချက်အဆိုမူကြမ်းအား အောက်ပါအဓိက အကြောင်းအရင်းများကြောင့် လက်မခံဘဲ ပယ်ချခဲ့ရခြင်းဖြစ်ကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းတို့မှာ နိုင်ငံတစ်နိုင်ငံအပေါ်ဦးတည်ချမှတ်သည့် ဆုံးဖြတ်ချက်များ (country-specific resolutions) ချမှတ်ဆောင်ရွက်ခြင်းကို ရှောင်ရှားရမည်ဖြစ်ကြောင်း၊ လူ့အခွင့်အရေး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာ၌ အပြုသဘောဆောင်ရေး၊ ထိပ်တိုက်မတွေ့ဆုံရေး၊ နိုင်ငံရေးသွတ်သွင်းမှုမရှိရေး၊ ဘက်လိုက်မှုမရှိရေး၊ တရားမျှတစွာ ဆွေးနွေးရေးနှင့် တရားမျှတပြီး တန်းတူညီမျှ ရှိရေးတို့အပေါ် အခြေခံရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံအပေါ် ဦးတည်သတ်မှတ်သည့် လုပ်ပိုင်ခွင့်အာဏာများ (country-specific mandates) သည် မြေပြင်အခြေအနေ တိုးတက် ကောင်းမွန် လာရေးကို အားပေးရာ မရောက်ဘဲ ပိုမိုဆိုးရွားစေမည်သာ ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ ရှားပါးသော အရင်းအမြစ်များကို အချည်းအနှီး အသုံးမပြုသင့်ကြောင်း၊ ဇွန်လတွင် ကျင်းပမည့် လူ့အခွင့်အရေးကောင်စီ၏ အထွေထွေဆွေးနွေးမှု အစီအစဉ်များကို ဖျက်သိမ်း၍ ကုလသမဂ္ဂ၏ ငွေကြေးလည်ပတ်မှု အခက်အခဲ ကိစ္စရပ်အား ဖြေရှင်းရန် ကောင်စီအနေဖြင့် ကြိုးပမ်းလျက်ရှိသော်လည်း၊ နိုင်ငံတစ်နိုင်ငံအပေါ် ဦးတည်သတ်မှတ်သည့် လုပ်ပိုင်ခွင့်အာဏာများ၌ အမေရိကန် ဒေါ်လာသန်းပေါင်းများစွာ အသုံးပြုလျက်ရှိသည်မှာ ဝမ်းနည်းဖွယ် ဖြစ်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းအား စောင့်ကြည့် စစ်ဆေးရန် အမျိုးမျိုးသော ယန္တရားများ ဖွဲ့စည်း တည်ထောင်၍ အရင်းအမြစ် အမြောက်အများ အသုံးပြု လျက်ရှိကြောင်း၊ နိုင်ငံတစ် နိုင်ငံ၏ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ လေးစားမှုရှိသင့်ကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စသည် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများစွာအနက် တစ်ခုမျှသာဖြစ်ကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေး ရေးကော်မရှင်၏ နောက်ဆုံး အစီရင်ခံစာအရ ပြစ်မှုကျူးလွန်သူများကို အရေးယူရေး ပြည်တွင်း တရားစီရင်ရေးယန္တရားဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်း တာဝန်ခံမှု တာဝန်ယူမှု လုပ်ငန်းစဉ် ဆောင်ရွက်နေမှုကိုလည်း အသိအမှတ် ပြုရမည်ဖြစ်ကြောင်း၊ ဆုံးဖြတ်ချက်အဆိုမူကြမ်းသည် လက်တွေ့ အမှန်တရားကို လုံးဝထင်ဟပ်မှုမရှိကြောင်း၊ မြန်မာနိုင်ငံသည်ခက်ခဲသည့် ဒီမိုကရေစီ အသွင်ကူး ပြောင်းမှုနှင့် ကြုံတွေ့နေရပြီး၊ နိုင်ငံတစ်ဝန်း ရေရှည်ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများတွင် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင် နေရကြောင်း၊ စိန်ခေါ်မှုများရှိသော်ငြားလည်း ကဏ္ဍများစွာတွင် အောင်မြင်မှုများရရှိ နေပြီ ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံပေါ်တွင် အဟန့်အတားများ ပြုလုပ်မည့်အစား လက်ကမ်းကူညီမှု ပြုလုပ်သင့်ကြောင်း၊ အထူးသဖြင့် လက်ရှိတွင် အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ၏ မမျှော်မှန်းနိုင်သည့် စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းနေရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကပ်ရောဂါကို တုံ့ပြန်ရာတွင် “မည်သူ တစ်ဦး တစ်ယောက်မျှ ကျန်ရစ်မှု မရှိစေရ” ဟူသည့် မူအပေါ် အခြေခံ၍ ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူသာ အဓိက ဆိုသည့် အချက်ကို ထောက်ပြ၍ “ပြည်သူကို တန်ဖိုးထားသလို ပြည်သူ့အားကိုယူကာ တစ်ဦး အတွက် အားလုံး၊ အားလုံးအတွက် တစ်ဦးစိတ်ဓာတ်ကို တည်ဆောက်လျက် ရောဂါအန္တရာယ်ကို ရင်ဆိုင်ကျော်လွှားဖို့ဆောင်ရွက်” နေမှုကို အလေးထားပြောကြားခဲ့ကြောင်း။
ဆက်လက်၍ မြန်မာအမြဲတမ်းကိုယ်စားလှယ်က အီးယူ၏ဆုံးဖြတ်ချက် အဆိုမူကြမ်းသည် မိမိတို့ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားရန် အဖြေရှာရာတွင် အထောက်အပံ့ မည်သို့မျှ မဖြစ်ကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများအားလုံး ငြိမ်းချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သည့် မိမိတို့၏အားထုတ်မှုများကို ဆုံးဖြတ်ချက်အဆိုမူကြမ်းက ပိုမိုဆိုးရွာသော အဟန့် အတားများသာ ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် ဗင်နီဇွဲလားနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်က လူ့အခွင့်အရေး ကောင်စီအဖွဲ့ဝင်နိုင်ငံ၏ လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် အဆိုမူကြမ်းအား မဲခွဲရန် တောင်းဆိုခဲ့သည်။
အဆိုမူကြမ်းအား လူ့အခွင့်အရေးကောင်စီတွင် မဲခွဲခဲ့ရာ၌ ကန့်ကွက်မဲ ၂မဲ၊ ကြားနေမဲ ၈ မဲနှင့် ထောက်ခံမဲ ၃၇ မဲဖြင့် အတည်ပြုခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံနှင့် ဗင်နီဇွဲလားနိုင်ငံတို့က မြန်မာ နိုင်ငံဘက်မှ ရပ်တည်လျက် ကန့်ကွက်မဲ ပေးခဲ့ကြပြီး၊ အန်ဂိုလာ၊ ကင်မရွန်း၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နီပေါ၊ ဆီနီဂေါ တို့က အီးယူ၏ ဆုံးဖြတ်ချက် အဆိုမူကြမ်းအား ထောက်ခံခြင်းမပြုဘဲ ကြားနေမဲပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


