နေပြည်တော် ၂၂ ဇွန်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့်နယ်မြေ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို ယနေ့ ညနေပိုင်းတွင် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ချောင်းမြောင်းတိုက်ခိုက်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဉီးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာအနီး မောင်တော - အငူမော်ကားလမ်း၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ ရောက်ရှိနေပြီး အများပြည်သူ အသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသဖြင့် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရန်အတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ယနေ့ ညနေပိုင်းတွင် အင်းဒင်ရဲကင်းစခန်းမှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာခဲ့ကြောင်း၊ ညနေ ၅ နာရီ မိနစ် ၂၀ ခန့်တွင် ကိုးတန်ကောက်ကျေးရွာအနီး အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ချောင်းမြောင်းတိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် မော်တော်ယာဉ် လိုက်ပါမောင်းနှင် ပို့ဆောင်သည့် အရပ်သား ယာဉ်မောင်း ၁ ဦး သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် ၁ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ တပ်မတော်စစ်ကြောင်းများက အချိန်မီ သွားရောက်ပူးပေါင်း၍ စစ်ကူပစ်ကူ ဆောင်ရွက်ပေးခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားသော AA အကြမ်းဖက် သောင်းကျန်း သူအဖွဲ့များအား ထပ်ကြပ် လိုက်စစ်ဆင်လျက်ရှိကြောင်း ။
AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များအနေဖြင့် အများပြည်သူအသုံးပြုလျက်ရှိသော ဆက်သွယ်ရေး လမ်းကြောင်းများကို မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိပြီး ဒေသတည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင် ဆောင်ရွက်လျက် ရှိသည့်အပြင် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များကိုပါ ယခုကဲ့သို့ ချောင်းမြောင်းတိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြထားသည်။
သတင်းစဉ်


