ဇွန် ၂၃

 

မကြာသေးသည့် ရက်သတ္တပတ်များအတွင်း ရန်ကုန်မြို့မှ အဆောက်အအုံတချို့၏ အစိတ်အပိုင်းလိုက် ပြိုကျခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။ လူနေအိမ်များပါဝင်သည့် ယင်းအဆောက်အအုံ ပြိုကျမှုများတွင် သက်တမ်းရင့် အဆောက်အအုံများ ဆွေးမြည့်မှုနှင့် ရာသီဥတုဒဏ်တို့ကြောင့် ပြိုကျမှု၊ သက်တမ်း အထိုက်အလျောက်သာ ရှိသေးသော်လည်း နည်းပညာနှင့် အရည်အသွေး ညံ့ဖျင်းမှုတို့ကြောင့် ပြိုကျမှု၊ အဆောက်အအုံအသစ် ဖြစ်သော်လည်း အင်ဂျင်နီယာ တွက်ချက်မှု အားနည်းချက်ကြောင့် ပြိုကျမှုတို့ ပါဝင်သည်ကို သတင်းများအရ သိရှိရသည်။

 

ရန်ကုန်မြို့ကို ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး ကိုလိုနီ လက်အောက်ခံဘဝ ကျရောက်ခဲ့ပြီးနောက် နိုင်ငံတကာ ဆိပ်ကမ်း မြို့တစ်ခုအဖြစ် တည်ဆောက်ခဲ့ချိန်မှစ၍ ရေတွက်ပါက မြို့၏သက်တမ်းမှာ နှစ်ပေါင်း ၁၇၀ နီးနီးရှိပြီဖြစ်သည်။ ရန်ကုန်တွင် ခေတ်မီမြို့ပြ အဆောက်အအုံများ ရှိသလို ရှေးဟောင်းမြို့ပြအမွေအနှစ် အဆောက်အအုံများနှင့်အတူ သက်တမ်းရင့် လူနေ အဆောက်အအုံများလည်း ရှိနေသည်။ အချို့ လူနေအဆောက်အအုံများမှာ ကိုလိုနီခေတ် လက်ကျန်များဖြစ်ပြီး အချို့လူနေအဆောက်အအုံများမှာ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ပုဂ္ဂလိက ကန်ထရိုက်စနစ်များဖြင့် ဆောက်လုပ်ခဲ့ကြသည့် အရည်အသွေး ညံ့ဖျင်းလှသော အဆောက်အအုံများဖြစ်သည်။ သို့ဖြစ်သည့်အတွက် သက်တမ်းရင့်၍ ကြံ့ခိုင်မှုမရှိသလို အရည်အသွေးညံ့ဖျင်း၍ ကြံ့ခိုင်မှုမရှိသည့် အဆောက်အအုံများ ရန်ကုန်မြို့တွင် တည်ရှိနေရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် မြို့နယ်အလိုက် ကြံ့ခိုင်မှုအားနည်းပြီး ဘေးအန္တရာယ်ရှိသည့် အဆောက်အအုံစာရင်းများ ပြုစုထားရှိကြောင်း သိရသည်။ ထို့အပြင် မကြာသေးမီက အစိတ်အပိုင်းအလိုက် ပြိုကျမှုဖြစ်ပွားခဲ့သည့်အဆောက်အအုံ အားလုံးတို့မှာ အကြီးစား ပြင်ဆင်မှုများ ပြုလုပ်ရန်ဆိုပြီး စာထုတ်ထားသည့် အဆောက်အအုံများဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်ဟုသိရသည်။

 

ရန်ကုန်မြို့ကို နိုင်ငံတကာမြို့တော်ကြီးများကဲ့သို့ သန့်ရှင်းသာယာလှပ၍ နေချင်စဖွယ် မြို့တော်ကြီးဖြစ်လာအောင် အဆင့်မြှင့်တင်ဆောင်ရွက်ရေးအတွက် အန္တရာယ်ရှိ အဆောက်အအုံများ ရှင်းလင်းဖျက်သိမ်းရန်၊ စီးပွားရေးမြို့တော်၏ အင်္ဂါရပ်နှင့်ညီမျှသည့် အဆောက်အအုံသစ်များနှင့် တင့်တင့်တယ်တယ် ရှိစေရန်ရည်ရွယ်၍ ပြည်သူ့လွှတ်တော်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တို့တွင် မေးမြန်းဆွေးနွေးမှုများ ရှိခဲ့သည်။ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေပုဒ်မ-၇၄ အရ မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံတစ်ခုခု သို့မဟုတ် အစိတ်အပိုင်းတစ်ရပ်ရပ်၏ ပျက်စီးမှုအ ခြေအနေသည်မြို့တော်အင်္ဂါရပ်ကို ထိခိုက်စေလျှင်ဖြစ်စေ၊ နောင်တွင် အန္တရာယ်ရှိနိုင်သည်အထိ အခြေအနေဆိုးရွားလာနိုင်လျှင် ဖြစ်စေ၊ ကော်မတီသည် ပိုင်ရှင် သို့မဟုတ် နေထိုင်သူအား မူလအတိုင်း ပြန်လည်ပြင်ဆင်ရန် ဆင့်ဆိုနိုင်သည်။ ယင်းအဆောက်အအုံပိုင်ရှင်က ငြင်းဆန်ခြင်းမရှိစေရဟူ၍ ပြဋ္ဌာန်းထားရှိပြီး အန္တရာယ်ရှိ အဆောက်အအုံတစ်ခုကို အသစ်ပြန်လည် တည်ဆောက်ရန်အတွက် မူလနေထိုင်သူများ၊ မြေရှင်၊ ကန်ထရိုက်တာ သုံးဦး သုံးဖလှယ် ညှိနှိုင်းပြီး ဆောက်ခွင့်ပြုကြောင်း သိရသည်။ သို့ရာတွင် မူလနေထိုင်သူများအကြား ညီညွတ်မှုမရှိခြင်း၊ ညှိနှိုင်း၍မရခြင်း၊ မြေရှင် ကွယ်လွန်သွားခြင်း၊ နိုင်ငံခြားသို့ ပြန်သွားခြင်း၊ ကန်ထရိုက်တာ မရှိခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေခြင်းတို့ကြောင့် အန္တရာယ်ရှိ အဆောက်အအုံတို့ကို ဖျက်သိမ်းပြီး အဆောက်အအုံသစ် ပြန်လည်ဆောက်လုပ်ရန် ကြန့်ကြာမှုများ ရှိနေသည်ကိုလည်း သိရသည်။

 

နှစ်ကာလကြာမြင့်သည်နှင့်အမျှ တိုက်အိုတိုက်ဟောင်းများနှင့် အန္တရာယ်ရှိ အဆောက်အအုံများ အရေအတွက် တိုးလာဦးမည်ဖြစ်သည်။ ရန်ကုန်ကို အနာဂတ်တွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် ရေရှည်ကို မျှော်တွေးပြီး မြို့ပြအဆောက်အအုံများဆိုင်ရာ မူဝါဒများနှင့် ဥပဒေ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ရန်၊ နိုင်ငံတကာမှ အတတ်ပညာ၊ နည်းပညာနှင့် အရင်းအနှီးများဖိတ်ခေါ်ရန် စသည်တို့ လိုအပ်မည်ဟု ယူဆမိသည်။ မြို့တော်ကြီးလည်း နိုင်ငံတကာအဆင့်မီ၊ မြေရှင်များနှင့် မူလနေထိုင်သူများလည်း ကျေနပ်ဝမ်းမြောက်နိုင်မည့် နည်းလမ်းတို့ကို ရှာဖွေ အကောင်အထည်ဖော်နိုင်မည်ဆိုပါက စိတ်နှလုံး မွေ့လျော်ဖွယ်ရာ မြို့တော်ကြီးအဖြစ် ရန်ကုန်ကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်မိပါကြောင်း။ ။

 

မြန်မာ့အလင်း