ကျိုင်းတုံ ၂၃ ဇွန်

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်၊ တိုက်နယ် ကျန်းမာရေးဌာနများ၊ ကျေးလက်ကျန်းမာရေး ဌာနနှင့် ဌာနခွဲများမှ ဆရာဝန်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများအား Mobile Tablets များ ဖြန့်ဝေပေးခြင်းကို ဇွန် ၂၂ ရက် နံနက် ၉ နာရီက ကျိုင်းတုံမြို့ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး၌ ပြုလုပ်သည်။

 

mdn

 

ရှေးဦးစွာ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က အမှာစကားပြောကြားပြီး ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က အခြေခံကျန်းမာရေးဝန်ထမ်းများ၏  အရည်အသွေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်များ မြှင့်တင်နိုင်ရန်၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်စေရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အချက်အလက်များ၊ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များအား အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေနိုင်စေရန်၊ ခေတ်မီပြောင်းလဲလာသော သတင်းအချက်အလက်များ၊ ဆက်သွယ်ရေး နည်းပညာများနှင့်အညီ Mobile Tablets များ အသုံးပြု၍ တိုင်းရင်းသားပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၌ အကျိုးရှိစွာ အသုံးပြုနိုင်ရန်အတွက် ဖြန့်ဝေရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်၊ တိုက်နယ် ကျန်းမာရေးဌာနများ၊ ကျေးလက် ကျန်းမာရေး ဌာနနှင့် ဌာနခွဲများမှ ဆရာဝန်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများထံ Mobile Tablets ၅၁၈ လုံးကို တာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)