မကွေး  ၂၃  ဇွန်   

 

မိဘနှစ်ပါးဖြစ်သည့် ဦးအော်က၊ ဒေါ်ကြည်တို့အား ရည်စူး၍ ဟိုတယ်နှင့် ဆေးရုံလုပ်ငန်းများ လုပ်ကိုင်သည့် ပသာဒမိသားစုက မကွေးတိုင်းဒေသကြီး ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းအတွက် Alphard အမျိုးအစား လူနာတင်ယာဉ်တစ်စီးကို ယနေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။

 

၂၀၁၈ ခုနှစ်တွင် ဦးမောင်အေး၊ ဒေါ်ခင်မျိုးဝင်းတို့၏ မတည်မှု၊ ပုထိုးကျေးရွာ ပြည်သူများ၏ ကောင်းမှုဖြင့် လူနာတင်ယာဉ်တစ်စီး၊ ၂၀၁၉ ခုနှစ်တွင် မြန်မာကိုင်ဒို မိသားစု၏ မတည်မှု၊ မြန်မာနိုင်ငံဂီတအစည်းအရုံး မိသားစုများနှင့် မကွေးမြို့သူမြို့သားများ၏ စုစည်းလှူဒါန်းမှုဖြင့် လူနာတင်ယာဉ်တစ်စီးတို့ကို ရောင်စုံမေတ္တာပရဟိတ လူမှုကူညီရေးအသင်းက ရရှိခဲ့ပြီး ယခုအကြိမ်မှာ တတိယမြောက် မော်တော်ယာဉ် လှူဒါန်းခံရခြင်းဖြစ်သည်။

 

“ယာဉ်တိုက်မှုတွေ၊ ဆေးရုံဆင်း ဆေးရုံတက်လူနာတွေ၊ သဘာ၀ဘေးနဲ့ အခြားအန္တရာယ်ကြုံခဲ့ရသူတွေအတွက် ကူညီခဲ့တဲ့အကြိမ်ပေါင်း တစ်ထောင်လောက်ရှိခဲ့ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ လုပ်ဆောင်မှုတွေကို ကြည့်ပြီးတော့ တတ်စွမ်းသူတွေက ဦးဆောင်စီစဉ်ပေးတာကြောင့် ဒီလိုလှူဒါန်းမှုတွေကို လက်ခံရရှိခဲ့တာပါ။ ကူညီကယ်ဆယ်မှုတွေကို ပိုလုပ်ပေးနိုင်တော့မှာပါ” ဟု ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း မကွေးတိုင်း ဥက္ကဋ္ဌ ဦးအောင်မျိုးနိုင်က ပြောသည်။ 

 

မြဝတီမြို့မှ စတင်ခဲ့သည့် မြန်မာနိုင်ငံ လူမှုကူညီရေးအသင်းမှာ နိုင်ငံတစ်ဝန်းတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသခံအသင်းသားများဖြင့် လုပ်ဆောင်နေပြီး အဖွဲ့ဝင်အင်အား ရှစ်သောင်းကျော်ရှိကြောင်း၊ ၂၀၁၃ ခုနှစ်တွင် မကွေးမြို့၌ စတင်ခဲ့ပြီး သရက်၊ စလင်း၊ ပခုက္ကူ၊ ချောက်၊ မကွေး စသည့်မြို့များ၌ အသင်း ၁၂ သင်း၊ လူအင်အား ၂၀၀ ခန့်ရှိကြောင်း ရောင်စုံမေတ္တာ (လူမှုကူညီရေးအသင်း) မှ သိရသည်။ 

 

ဇေယျတု(မကွေး)