လက်ပံတန်း ၂၃ ဇွန်
ပဲခူးတိုင်းဒေသကြီး သာယာတီခရိုင် လက်ပံတန်းမြို့နယ်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့က မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင် အကျိုးခံစားခွင့် သုံးလစာနှင့် ကိုဗစ်-၁၉ ကာလ ထပ်ဆောင်းထောက်ပံ့ငွေ ပေးအပ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသူနှင့် လူမူဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကိုယ်စား လက်ပံတန်းမြို့နယ် လူမှုဝန်ထမ်း မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်ဆင့်တို့က မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၃ အုပ်စုမှ ၈၅ နှစ်အထက် အဘိုးအဘွား ၁၀၂၀ အား ဧပြီ၊ မေ၊ ဇွန်လ များအတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့် တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှင့် ကိုဗစ်-၁၉ ကာလ ထပ်ဆောင်းထောက်ပံငွေ တစ်ဦးလျှင် ငွေကျပ် သုံးသောင်းဖြင့် စုစုပေါင်းငွေကျပ် ၆၁၂၀၀၀၀၀ အား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ခြင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လက်ပံတန်းမြို့နယ် လူမှုဝန်ထမ်း မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးတို့က သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး


