ကျိုင်းတုံ ၂၃ ဇွန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ၂၃၀/၆၆ ကေဗွီ ၁၀ဝ ဓာတ်အားခွဲရုံသို့ ဇွန် ၁၉ ရက်က မိုင်းပျဉ်းမြို့မှ ၂၃၀/၆၆ ကေဗွီ ၆၀ ဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံတော်မဟာဓာတ်အားစနစ် ရောက်ရှိခဲ့ရာ ကျိုင်းတုံမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ရေး တာဝန်ရှိသူများက စမ်းသပ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် နိုင်ငံတော်မဟာဓာတ်အားစနစ်ဖြင့် လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ရေးအတွက် စမ်းသပ်စစ်ဆေးမှုလုပ်ငန်များ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းစဉ်များ၊ မြို့တွင်း ထရန်စဖော်မာ များအား စစ်ဆေးဆောင်ရွက်ရာတွင် ခက်ခဲမှုများမရှိစေရေးအတွက် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန(နေပြည်တော်)မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးနိုင်၊ ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) လျှပ်စစ် အင်ဂျင်နီယာမှူး ဦးသက်ပိုင်းမျိုး၊ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက ဇွန် ၂၂ ရက်က သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


