ဘုတလင် ၂၃ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်တွင် လယ်ယာမြေ ဧက ၆၀၀ ကျော်ကို အကျိုးပြုသည့် မြောက်ကျီကျေးရွာအနီးရှိ ကန်တော်ကြီးကန်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပြန်လည်တူးဖော်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ကန်တော်ကြီးကန် ပြန်လည်တူးဖော်ရေး ကြီးကြပ်မှုကော်မတီဝင် ဦးခင်ဆွေထံမှ သိရသည်။
“ကန်တော်ကြီးကန်က အလျား ပေ ၁၇၀၀ ရှိပါတယ်။ မနှစ်က ပေ ၆၀၀ တူးဖော်ခဲ့ပြီးတော့ ဒီနှစ်မှာ ပေ ၁၁၀၀ ပြန်လည်တူးဖော်ခဲ့တာပါ။ ကန်တော်ကြီးကန်ကို ကွမ်းခြံချောင်းကနေ ရေဝင်ရောက်ပြီး ကန်တော်ကြီးကန်က လွှတ်လိုက်တဲ့ရေကို ဘုတလင်မြို့ထဲက ကန်မကြီးကန်ကနေတစ်ဆင့် ဗန္ဓုလကွင်း၊ ကြောင်ပန်းကွင်း၊ စိန္တောကွင်းနဲ့ လွှဲတဲကွင်းက လယ်ယာမြေဧက ၄၅၀ ကျော်နဲ့ မြောက်ကျီကျေးရွာက လယ်ယာမြေဧက ၂၀၀ ခန့်ကို အကျိုးပြုပါတယ်”ဟု ကန်တော်ကြီးကန် ပြန်လည်တူးဖော်ရေးကြီးကြပ်မှု ကော်မတီဝင် ဦးခင်ဆွေက ပြောသည်။
အဆိုပါ ကန်တော်ကြီးကန်ကို အလျား ပေ ၁၁၀၀၊ အနံ ၁၈၂ ပေ၊ အနက် ၆ ပေနှင့် ရေဝင်မြောင်းကို အလျား ၂၆၃ ပေ၊ အနံ ပေ ၈၀၊ အနက် ၆ ပေ ပြန်လည်တူးဖာ်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၃၅၁ သိန်းဖြင့် မြင့်သီရိအောင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ပြီး သတ်မှတ်စံချိန် စံညွှန်းပြည့်မီစွာ ပြီးစီးရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အရည်အသွေးစစ်ဆေးရေးအဖွဲ့၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)


