ရန်ကုန် ၂၃ ဇွန်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေးအဆင်ပြေစေရန်၊ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် မိုးရာသီတွင် ခြင်များပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် ဇွန် ၂၂ ရက် နံနက် ၁၀ နာရီက မြို့နယ် လမ်းနှင့် တံတားဌာနမှ လမ်းသစ်လမ်းတစ်လျှောက် ဝဲ/ယာ လူသွားစင်္ကြန် (Platform) ပြုလုပ်ရန် ပြင်ဆင်နေသည့်လုပ်ငန်းအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး မြောက်ပိုင်းခရိုင် ရေစီးရေလာဌာနမှ တာဝန်ယူတည်ဆောက်နေသော မင်းကြီးလမ်းထိပ် လမ်းဖြတ်ရေမြောင်းနေရာရွှေ့ခြင်း (Diversion Culvert) လုပ်ငန်းပြီးစီးမှုနှင့် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများသည် မြို့နယ် လမ်းနှင့် တံတားဌာနမှ ဆောင်ရွက်နေသော ဘုရင့်နောင်လမ်းရထားသံလမ်းမှ ရွာမရဲစခန်းလမ်းအထိ လူသွားစင်္ကြန် (Platform) ပြုလုပ်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ပြီးစီးမှုပမာဏနှင့် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ အင်းစိန် (GTI) ကျောင်းရှေ့ မှတ်တိုင်နေရာတိုးချဲ့ခြင်း၊ အုတ်ရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းနှင့် မြို့နယ် ရေစီးရေလာမှ AE ဦးဟန်ကျင်တာဝန်ယူ ဆောင်ရွက်နေသော ရိုးကြီးချောင်းအောက်ပိုင်းတွင် ရေပေါ်သွား စက်ယန္တရားကြီးဖြင့် နုန်းများဆယ်ယူ ရှင်းလင်းလျက်ရှိသော သစ်တောဦးစီးဌာန၊ ကြို့ကုန်းသစ်လုံးဝင်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှုအဖြစ် ချောင်းရေနိမ့်ကျသွားသည်ကို စစ်ဆေးကြည့်ရှုခဲ့ပြီး မြို့နယ် ရေစီးရေလာ မြောင်းရှင်းအဖွဲ့ လူအားစက်အားဖြင့် ဆောင်ရွက်နေသော ဘုရင့်နောင်လမ်း အရှေ့ဘက်ခြမ်း ရေမြောင်းဆယ်ယူ ရှင်းလင်းနေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


