မယ်စဲ့ ၂၃ ဇွန်
ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် တောင်သူလယ်သမားများ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တောင်သူနည်းပညာပေး သင်တန်းများကို ကျေးရွာအရောက် စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့နံနက်က အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဝမ်ကန်ကျေးရွာနှင့် နမ့်မန်းကျေးရွာတို့တွင် သင်တန်းဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
“တောင်သူဦးကြီးတွေ မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ ရာသီချိန်အမီ သီးနှံကို အပြည့်အဝစိုက်ပျိုးနိုင်ရေး၊ ဓာတ်မြေဩဇာကို အချိုးကျစွာ အသုံးပြုနိုင်ရေး၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် နည်းပညာပေးခြင်းနှင့်အတူ Home Garden တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် မိမိမိသားစုဖူလုံရေးနှင့် ပတ်ဝန်းကျင်ကို ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားစေရေးအတွက် ပဲတောင့်ရှည်၊ ချဉ်ပေါင်၊ ကြက်ဟင်းခါး၊ ငရုတ်(မိုးထောင်)၊ တိုင်လွတ်ပဲ၊ မုန်ညင်းစိမ်း အစရှိသည့် မျိုးစေ့များကိုလည်း အခမဲ့ဖြန့်ဝေပေးပါတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက ပြောသည်။
အဆိုပါ နည်းပညာပေးသင်တန်းများကို မယ်စဲ့၊ မယ်ဆည်နမ်၊ နမ့်ဟူး၊ နမ့်ပိန်းလင်၊ ကျောက်စု၊ ဝမ်ကန်၊ နမ့်မန်း၊ ဟိုဂျစ်၊ လမ်းဆုံ ကျေးရွာတို့တွင် ဖွင့်လှစ်လျက်ရှိပြီး သင်တန်းတွင် အပင်ဖြစ်ထွန်းလာချိန် ပိုးမွှားရောဂါကျရောက်မှု ကာကွယ်နိုင်ရေးနှင့် သီးနှံအလိုက်၊ သက်တမ်းအလိုက် သားခွဲခြင်း၊ ပေါင်းလိုက်ခြင်း၊ မြေဩဇာပက်ဖျန်းခြင်း အစရှိသည့် တောင်သူလယ်သမားများအတွက် လိုအပ်နေသည့် နည်းပညာများကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


