ကျောက်ဆည် ၂၃ ဇွန်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များသည် သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ယနေ့ နံနက် ၉ နာရီက မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လေ့ကျင့်မှုများပြုလုပ်ရာတွင် အခြေခံကြိုးချည်နည်း၊ လုပ်ငန်းသုံးကြိုးချည်နည်း၊ ရေတွင်း အသက်ကယ်နည်း၊ ကားအတွင်းညှပ်မိလူနာများအား ကယ်ထုတ်နည်း၊ အထပ်မြင့်မီးငြှိမ်းသတ်နည်း၊ အထပ်မြင့်ရှာဖွေ ကယ်ဆယ်ပြုလုပ်နည်း၊ ကြိုးကူးရာတွင် ရှဉ့်ကူးနည်း၊ ပက်လက်ကူးနည်း၊ မျောက်ကူးနည်း၊ စက်အသေး၊ စက်အကြီးများအသုံးပြုပြီး မီးငြှိမ်းသတ်နည်း စသည့်လုပ်ငန်းများကို စာတွေ့၊ လက်တွေ့လေ့ကျင့်မှုများ အချိန်ဇယား စနစ်တကျရေးဆွဲပြီး လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် အကြီးစား၊ အလတ်စား၊ အသေးစားစက်ရုံ၊ အလုပ်ရုံများ၊ လောင်စာဆီအရောင်းဆိုင်များနှင့် ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်သည့်အနေဖြင့် မီးများ စနစ်တကျသုံးစွဲမှုရှိစေရေး၊ မီးငြှိမ်းသတ်ကိရိယာများ စနစ်တစ်ကျထားရှိစေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး စသည့် အသိပညာပေးလုပ်ငန်းများကိုလည်း ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးထွန်းက ပြောသည်။
သက်မောင်(ခရိုင် ပြန်/ဆက်)


